လူ့အခွင့်အရေးလှုပ်ရှားသူ မဝေေ၀နု ၂၀၁၈ Hillary Clinton ဆု ချီးမြှင့်ခံရ

( Georgetown President John J. DeGioia)

ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုဖြစ်ရပ်တွေဟာ အလွန်တုန်လှုပ်ခြောက်ခြားစရာကောင်းသလို လူသားဆန်တဲ့စိတ်ဓါတ်ရှိသူတွေကိုလည်း ဒီကျူးလွန်မှုတွေကို အရေးယူဆောင်ရွက်ကြဖို့ စေ့ဆော်ပေးရာရောက်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က မနေ့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက George Town တက္ကသိုလ်မှာ ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ကကျင်းပတဲ့ Hillary Rodham Clinton ဆု ပေးအပ်ပွဲအခမ်းအနားမှာပြောသွားတာပါ။ ၂၀၁၈ ခုနှစ်အတွက် ဆုရှင်တွေအဖြစ် မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူ ဝေေ၀နုနဲ့ အီရတ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားနေသူ Nadia Murad တို့လည်း ပါဝင်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

ဒီဆုပေးပွဲရဲ့ ထူးခြားချက်ကတော့ ပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေမှာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးမှာ တိုးတက်အောင်ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေကို ခန်းခန်းနားနားနဲ့ ဂုဏ်ပြုတဲ့ ပွဲဖြစ်ပါတယ်။ အခုဆုပေးပွဲအခမ်းအနားမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ၊ သမ္မတဟောင်းကတော်လည်းဖြစ်တဲ့ Hillary Clinton ကနေပြီးတော့ ဒီအမျိုးသမီးတွေ နဲ့ ပတ်သက်ပြီးတော့ ပြောသွားတဲ့ အချက်တွေရှိပါတယ်။

"အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ သူတို့တွေရဲ့ ဘဝတွေအပြင် မိသားစုတွေ လူ့အဖွဲ့အစည်းနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုးမြှင့်ဆောင်ရွက်ရေး အတွက် သူတို့တွေရဲ့ စွမ်းပကားကို ဘယ်သူကမှ လျော့မတွက်သင့်ပါတယ်။ မတရားမှုတွေ ၊ အခွင့်အရေး တန်းတူ မရရှိမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ကြားက ထူးခြားတဲ့ သတ္တိတဲ့ ခံနိုင်ရည်ရှိမှုကို တွေ့ရတာဟာ သိပ်ကို ဂုဏ်ယူအားကျစေတာဖြစ်ပါတယ်။"

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သိန်းနဲ့ချီ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက အမျိုးသမီးနဲ့ မိန်းကလေးငယ်အများအပြား လိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မပြုကျင့်ခံရမှု၊ အကြမ်းဖက်ခံရမှု စတဲ့ဖြစ်ရပ်တွေဟာ အလွန်တုန်လှုပ်ချောက်ချားစရာကောင်းပြီး လူသားဆန်စွာ ဒီကျူးလွန်မှုတွေကို အရေးယူဆောင်ရွက်ဖို့လိုကြောင်း Clinton က ပြောပါတယ်။

"ပဋိပက္ခအတွင်း လိင်ပိုင်း အကြမ်းဖက်ခံရမှုဆိုင်ရာ ကုလအကြီးအကဲက ပြီးခဲ့တဲ့ ဆောင်းဦးပေါက်ရာသီက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံ ပဋိပက္ခကနေ ထွက်ပြေး ခဲ့ကြရတဲ့လူ သိန်းနဲ့ချီပြီးတွေ့ခဲ့ကြရပါတယ်။ သူက အဲဒီမှာ သူတွေ့ခဲ့တဲ့ အမျိုးသမီးတိုင်းဟာ ရက်စက်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို ကိုယ်တိုင်ကြုံတွေ့ရတာတွေ ရှိသလို ၊ မျက်စိနဲ့ မြင်တွေခဲ့ကြရတဲ့လူတွေရှိတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် ကျူးလွန်ခဲ့ကြတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ကျမတို့တွေအားလုံးဘဝကို အထိတ်တလန့်ဖြစ်စေသလို၊ အရေးယူဆောင်ရွက်ပေးဖို့ကိုလည်း စေ့ဆော်ပေးရာရောက်ပါတယ်။ ဒါဟာ နိုင်ငံရေးပါတီစွဲ ကိစ္စရပ်မဟုတ်ပါဘူး။ ဒါဟာ အမျိုးသမီးတွေနဲ့လည်း ဆိုင်တာမဟုတ်ပါဘူး။ ကျမတို့ လူသားအားလုံးနဲ့လည်းဆိုင်ပါတယ်။ လူသားဆန်ဖို့လည်းဖြစ်ပါတယ်။"

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမှာ အမျိုးသမီးတွေပါဝင်မှုတိုးမြှင့်ပေးရေး အတွက် Hillary Rodham Clinton ဆု ဆိုတဲ့အမည်နဲ့၂၀၁၄ ခုနှစ်ကစတင်ပြီး ဂုဏ်ပြု ချီးမြှင့်ခဲ့ရာမှာ ၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ဒီမိုကရေစီရေး လှုပ်ရှားနေသူ ဝေေ၀နု ကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ Hillary Clinton က ဆုပေးပွဲအခမ်းအနားမှာ အခုလိုပြောပါတယ်။

"ကျမတို့ရဲ့ ဒုတိယမြောက်ဆုရှင်ကတော့ ဝေေ၀နုပါ။ သူဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားသူတယောက်ဖြစ်ပါတယ်။ သူက မြန်မာစစ်အစိုးရ လက်ထက်က နိုင်ငံရေးအကျဉ်းသားအဖြစ် နေခဲ့ရသူဖြစ်ပါတယ်။ သူအကျဉ်းကျခံစဉ် ရင်ဆိုင်ရတဲ့ စိတ်အချောက်ချားဆုံး အတွေ့အကြုံတွေထဲက တခုကတော့ လူ့အဖွဲ့အစည်းနဲ့ လုံးဝအဆက်အသွယ် ဖြတ်တောက်ခံရတဲ့ အဖြစ်ပါပဲ။ ဒီလိုအတွေ့အကြုံတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လို့လည်း သူဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုးကြားမှု ရှိစေဖို့ အပြန်အလှန်နားလည်မှုရရှိပြီး ရိုဟင်ဂျာ လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်စေဖို့ ကြိုးပမ်းပေးခဲ့သူလည်း ဖြစ်ပါတယ်။"

အသက် ၃၁ နှစ်အရွယ် မဝေေ၀နုဟာ အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ယက်-Arakan အဖွဲ့ကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ အရင်စစ်အစိုးရလက်ထက် နိုင်ငံရေးသမား ဖခင်ဖြစ်သူနဲ့ မိသားစုဝင်တွေကိုပါ နှစ်ရှည်ဖမ်းဆီးအကျဉ်းကျခံရချိန် ဆယ်ကျော်သက်အရွယ် ထောင်တွင်းဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတချို့ကိုလည်း မဝေေ၀နုက ဆုပေးပွဲအခမ်းအနားမှာ ပြောပြခဲ့ပါတယ်။ အခုလို ဆုချီးမြှင့်ခံရတဲ့အတွက် ဝမ်းမြောက်မိပေမဲ့လည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဆဲဖြစ်ပြီး၊ လူနည်းစုတွေ ဖိနှိပ်ခံရတဲ့အခြေအနေတွေ ဆက်ပြီးရှိနေသေးတယ်ဆိုတာကို နိုင်ငံတကာက ပိုပိုပြီး သိရှိလာကြောင်း မဝေေ၀နုက ဗွီအိုအေကိုပြောပါတယ်။

"ဒီလိုဆုရရှိတဲ့အတွက်ကြောင့် ပိုပြီးတော့ အသိအမှတ်ပြုမှု ခံရတယ်။ နောက်ပြီးတော့ ဒီလိုလုပ်ရပ်တွေရဲ့ အရေးပါမှုကို လူတွေ ပိုပိုသိလာတယ်။ အထူးသဖြင့် လူနည်းစုဖြစ်လာပြီဆိုရင် ကျမတို့ ဖိနှိပ်ခံရတာဟာ အနည်းနဲ့အများရှိတယ်။ ခွဲခြားဆက်ဆံမှုခံရတာလည်း အနည်းနဲ့အများရှိတယ်။ဒါကို လစ်လျူရှုထားမယ်၊ ဥပက္ခာပြုထားမယ်၊ လက်ခံထားမယ် ဒီလို ခွဲခြားမှု ဖိနှိပ်မှုတွေကို လက်ခံထားမယ်ဆိုရင် ဘာဖြစ်မလဲဆိုတော့ ကျမတို့နိုင်ငံ လက်ရှိကြုံတွေ့နေရတဲ့ အနေအထားဟာ ကမ္ဘာရဲ့ အာရုံစူးစိုက်မှုတွေကို ရလာတယ် ၊ ဝေဖန်မှုတွေ ဖြစ်လာတယ်။ ဖြစ်လာတယ်ဆိုကတည်းကိုက ဒါဟာ အရမ်းကို ဆိုးဝါးတဲ့ ပြဿနာတခုဖြစ်လာပြီဆိုတာ ရဲ့ သက်သေဖြစ်ပါတယ်။"

မဝေေ၀နုနဲ့ အတူ ဆုချီးမြှင့်ခံရတဲ့ အီရတ်နိုင်ငံ Yazidi အမျိုးသမီးငယ် Nadia Murad ဆိုရင်လည်း ISIS စစ်သွေးကြွအဖွဲ့ အီရတ်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ မိသားစုအလိုက် ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်သမားတွေက သူ့ရှေ့မှာတင် မိဘ၊ အကိုမောင်နှမတွေကို သတ်ဖြတ်ခဲ့တာကို မျက်မြင်တွေ့ရှိခဲ့ရသူဖြစ်ပါတယ်။ ISIS တွေ သူ့ကိုဖမ်းဆီးထားတဲ့ထဲက လွတ်မြောက်လာပြီးနောက်Nadia Murad ဟာ ဂျာမနီနိုင်ငံမှာ ခိုလှုံခွင့်ရခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း သူရဲ့မျက်မြင်တွေ့ရှိချက်တွေကို ရဲရဲဝင့်ဝင့်ထွက်ဆိုခဲ့တဲ့ Nadia Murad ဟာ လူကုန်ကူးမှုကနေ လွတ်မြောက်လာသူတွေရဲ့ ဂုဏ်သိက္ခာဆိုင်ရာ ပထမဆုံး ကုလသမဂ္ဂချစ်ကြည်ရေး သံတမန်အဖြစ် ဆောင်ရွက်နေပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်ရဲ့ အရည်အချင်းပြောက်မြောက်တဲ့ဦးဆောင်မှုနဲ့ ဆုရရှိသူတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ Hillary Clinton ဆုအဖြစ် Georgetown တက္ကသိုလ်ရဲ့ Institute for Women, Peace and Security ဌာနက သတ်မှတ်ချီးမြှင့်တာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတလောင်းအဖြစ် ၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင်အ့ရေးနဲ့ ပတ်သက်လို့ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သူ့အနေနဲ့ ဆက်လက်လှုပ်ရှားသွားမှာဖြစ်ကြောင်းလည်း Clinton က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

Hillary Rodham Clinton ဆု ပေးပွဲနဲ့ တဆက်တည်း ရှေ့ဆောင်လမ်းပြဆုကို BBC နိုင်ငံတကာသတင်းထောက် အကြီးအကဲ Lyse Doucet ကိုလည်း ချီးမြှင့်ခဲ့ပါတယ်။ ကမ္ဘာမှာ ပဋိပက္ခ အကြမ်းဖက်မှုအများဆုံးဖြစ်တဲ့ ဆီးရီးယား၊ အီရန်၊ အီရတ်၊ အီဂျစ်၊ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာ Lyse Doucet ဟာ စွန့်စွန့်စားစား သတင်းယူ တင်ဆက်နေသူလည်းဖြစ်ပါတယ်။

Your browser doesn’t support HTML5

လူ့အခွင့်အရေးလှုပ်ရှားသူ မဝေေ၀နု ၂၀၁၈ Hillary Clinton ဆု ချီးမြှင့်ခံရ