Hillary နဲ့ Tim Kaine အတူ မဲဆွယ်

ဒီမိုကရက်ပါတီသမ္မတလောင်း Hillary Clinton နဲ့ သူမနဲ့အတူ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတလောင်း Tim Kaine တို့ ၂ ဦးဟာ ပထမဆုံးအကြိမ်အဖြစ် အတူ ယှဉ်တွဲပြီး မဲဆွယ် စည်းရုံးခဲ့ကြတာမှာ အကောင်မြင်ဝါဒ ရှိကြဖို့ အလေးပေး ပြောကြားခဲ့ကြပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ကျဆုံးခန်းရောက်နေပြီလို့ ရီပတ်ဘလစ်ကန် ပါတီညီလာခံမှာ စကားပြောသူတွေက ထည့်သွင်း ပြောဆိုခဲ့ကြပြီးတဲ့ နောက်မှာ ဒီမိုကရက်ပါတီ သမ္မတလောင်းနဲ့ ဒုသမ္မတလောင်းတို့က အခုလို မဲဆွယ်စည်းရုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။

Florida ပြည်နယ်မှာ စနေနေ့ နေ့လည်က ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးမှုအတွင်း စိတ်အားထက်သန်တဲ့ ထောက်ခံသူတွေကို ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton က Tim Kaine ကို သူမရဲ့ ဒုသမ္မတလောင်းအဖြစ် မိတ်ဆက်ပေးခဲ့ပြီး - သူတို့အနေနဲ့ အမေရိကန်ပြည် ထောင်စုအတွက် လုံး၀ မတူညီတဲ့ အနာဂတ်လမ်းစဉ်အပြင် နံရံ တံတိုင်းတွေ တည်ဆောက်တာမဟုတ်ပဲ ပေါင်းကူး တံတားတွေ တည်ဆောက်ပေး သွားမှာ ဖြစ်ကြောင်း ဟောပြောခဲ့ပါတယ်။ ဒါဟာ ရီပတ်ဘလီကန်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်းတွေရဲ့ ဆန့်ကျင်ဖက် အယူအဆလည်း ဖြစ်ပါတယ်။

တနင်္လာနေ့မှာ စတင်မယ့် ဒီမိုကရက်ပါတီ ညီလာခံမှာ - မတူ ကွဲပြားမှုတွေကို လက်ခံခြင်းဟာ အမေရိကန်ပြည်ထောင်စု တိုးတက် ကြီးပွားရေးအတွက် ဖြစ်တယ်ဆိုတာကို အဓိက ဦးစားပေး ပြောကြားသွားမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က ပြောပါတယ်။

Tim Kaine ဟာ လူနဲစုတွေနဲ့ မရှိဆင်းရဲသားတွေအတွက် ရပ်တည် တိုက်ပွဲဝင်နေသူ တဦးဖြစ်တယ်လို့ Clinton က ပြောပါတယ်။ Virginia ပြည်နယ်က အထက်လွှတ်တော်အတ်ဖြစ်တဲ့ Tim Kaine ဟာ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump နဲ့ ဒုသမ္မတလောင်း Mike Pence တို့ရဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်းလည်း Miami မြို့မှာ ထောက်ခံသူတွေကို Hillary Clinton က ပြောပါတယ်။

Your browser doesn’t support HTML5

Hillary နဲ့ Tim Kaine အတူ မဲဆွယ်