လွှတ်တော်ကော်မီတီတွေ စစ်ဆေးမှု အုပ်ချုပ်ရေးပိုင်း လိုလားဟန်မရှိ

  • သင်းသီရိ

လွှတ်တော်ရေးရာအဖွဲ့တွေဟာ ပြည်ထောင်စုအဆင့်ရှိတယ် ဆိုတဲ့အကြောင်းကို ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်ထဲမှာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။ အခုလို လွှတ်တော်ရေးရာ အဖွဲတွေကို အဆင့်နိမ့်ချ သတ်မှတ်မှုဟာ အစိုးရ အုပ်ချုပ်ရေးပိုင်းရဲ့ လုပ်ငန်းတွေအပေါ် ကြီးကြပ်လာမှာကို မလုပ်စေချင်တဲ့အတွက် ဖြစ်မယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ထဲက ဆွေးနွေးချက်တွေကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ။

ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်ထဲမှာတော့ လွှတ်တော် ရေးရာကော်မတီတွေနဲ့ ကာ်မရှင်တွေဟာ နိုင်ငံမှာ အခု ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်နဲ့အညီ ဖွဲ့စည်းထားတာမို့ ပြည်ထောင်စုအဆင့် ရှိတဲ့ အဖွဲ့တွေ ဖြစ်ကြောင်း ကိုယ်စားလှယ်တွေ ထောက်ပြ ဆွေးနွေးကြတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးရဲ့ ဒီဆုံးဖြတ်ချက်ပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေမူကြမ်းအဖွဲ့က ဧပြီလ ၂၄ ရက်နေ့မှာ ပြန်လည် သုံးသပ်တဲ့စာတမ်း တင်ခဲ့အပြီး ဒါကို ဒီကနေ့ ဆက်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အဓိက ကတော့ နိုင်ငံတော် သမ္မတက တိုက်ရိုက် ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေသာ ပြည်ထောင်စုအဆင့် ဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်မို့ လွှတ်တော် ကော်မတီတွေရဲ့
လုပ်ငန်းတွေကို အဆင့် နိမ်ချလိုက်တာ ဖြစ်ပြီး အစိုးရ လုပ်ငန်းတွေမှာ ကြီးကြပ် ပါဝင်လာမှာ မလုပ်စေချင်တာကြောင့် အခုလို တိုင်တန်းချက်တွေ ရှိလာတာဖြစ်တယ်လို့
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပါတယ်။

"ဒီအဖွဲ့တွေကို တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ အပ်နှင်းတဲ့အခါမှာ နိုင်ငံသားတွေက သူတို့အပေါ်မှာ ဥပဒေမဲ့ ပြုကျင့်တယ်၊ ဒါမှမဟုတ်ရင်လည်း ဥပဒေနဲ့မညီ ပြုမူ ဆောင်ရွက်တယ် ဆိုတဲ့ တိုင်တန်းချက်တွေ ရရှိလို့ ရှိရင် သက်ဆိုင်ရာ အုပ်စုတွေရဲ့ အဖွဲ့အစည်း အမြင့်ဆုံးဖြစ်တဲ့ ပြည်ထောင်စု ဝန်ကြီးဌာနတွေကို ခေါ်ယူပြီးတော့ မေးမြန်းပြီး ဖြေရှင်းဖို့ပေါ့လေ။ ခေါ်ယူ မေးမြန်း ကြားနာတာပေါ့လေ လုပ်ဖို့အတွက် ကျနော်တို့ကို တာဝန်တွေ အပ်နှင်းထားတယ်။ အဲဒီလို အပ်နှင်းထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့
ရှိရင် အုပ်ချုပ်ရေးဖက်က သိပ်ပြီးတော့ မခံနိုင်တဲ့သဘော တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ ပတ်သက်ပြီးတော့ အုပ်ချုပ်ရေး အကြီးအကဲဖြစ်တဲ့ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပုံ ခုံရုံးကို တင်ပြပြီးတော့ ဖွဲ့စည်းပုံနဲ့ ညီမညီဆိုပြီးတော့ ဆန်းစစ်ခိုင်းတာပါ။ အဲဒီလို ပြဿနာက စဖြစ်လာတာပါ။"


နိုင်ငံတော်ရဲ့ အမြင်ဆုံး ဥပဒေပြုရေးအာဏာကို ကျင့်သုံးခွင့်ရှိတဲ့ ပြည်ထောင်စု လွှတ်တော်ကြီးက အခု ဖွဲ့စည်းပုံခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် အရေးယူဆောင်ရွက်ဖို့ အတွက် အမတ် ၁၀ ဦးက ဥပဒေ အချက် အလက်တွေနဲ့ ပြန်လည် တင်ပြခဲ့ကြပါတယ်။ ဒီဆွေးနွေးကြတဲ့ လွှတ်တော်အမတ် ၁၀ ဦးထဲမှာ ပါဝင်တဲ့ ဦးရဲထွန်းကတော့ အခြေခံဥပဒေပါ ပုဒ်မ ၇၁ အရ ဒီရေးရာ ကော်မတီတွေရဲ့ လုပ်ပိုင်ခွင့် တွေကို ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။

"အခြေခံဥပဒေမှာပါတဲ့ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေပေါ့လေ ခုံရုံးရဲ့ ဥက္ကဌတို့၊ ခုံရုံးအဖွဲ့ဝင်တွေ အပါအဝင်ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းတဲ့ အဖွဲ့တွေက စစ်ဆေးခွင့်တောင်မှ ရပါတယ်ဆိုပြီးတော့ ကျနော်က အခြေခံဥပဒေပုဒ်မ ၇၁ ကို ကိုးကားပြီးတော့ ကျနော် ဆွေးနွေးခဲ့ပါတယ်ဗျ။"

မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော်ထဲမှာတော့ ရေးရာကော်မတီ ၂၄ ခုနဲ့ ကော်မရှင်တခု ဖွဲ့ထားတာရှိပြီး အမျိုးသား လွတ်တော်မှာ ရေးရာကော်မတီ ၁၅ ခုနဲ့ ကော်မရှင် ၁ ခု ရှိပါတယ်။ ပြည်ထောင်စု လွတ်တော်မှာတော့ ပူးပေါင်း ကော်မတီဆိုပြီး ပြန်လည် ဖွဲ့စည်းထားတာတွေ ရှိပါတယ်။ အခု အဲဒီ အဖွဲ့တွေပေါ် ဖွဲစည်းပုံခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေအရ အတည်ဖြစ်ပြီးတော့ အပြီးသတ် ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် လွတ်တော် ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြည်စွက်ချက်နဲ့ ပြန်ပြင်ဆင်ဖို့ လိုပြီဆိုတဲ့ အပိုင်းကိုတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆွေးနွေး တင်ပြခဲ့ပါတယ်။

"ခုံရုံးက ဆုံးဖြတ်လိုက်ရင် ခုံရုံးရဲ့ ဆုံးဖြတ်ချက်က အပြီးသတ်ဖြစ်တယ်ဆိုတာ ဖြစ်တဲ့အတွက် လွှတ်တော်တွေမှာ လုပ်လို့ရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ အခန်း ၁၂ ကို အခြေခံပြီးတော့ ဒီကော်မီတီတွေဟာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများဖြစ်တယ်ဆိုတာကို ကျနော်တို့က လက်ရှိ ဖွဲ့စည်းပုံမှာပဲ ဖြည့်စွက်ချက် တင်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့ ဒေါင့်ကတင်ဖို့ ကျနော့် သဘောထားကို ကျနော် တင်ခဲ့တာပါ။"

တကယ်တော့ ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေမူကြမ်း ကော်မီတီက တင်ပြထားတဲ့ စာတမ်းကို သဘောတူမတူ မဲခွဲဆုံးဖြတ်ဖို့ ဖြစ်ပေမယ့် ဒီကနေ့ဟာ အကြိတ်အနယ် ဆွေးနွေးပြီးတော့ မပြီးပြတ်တာမို့ မပြီးပြတ်သေးပဲ လာမယ့် ဧပြီလ ၃၀ တနလ်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ
ဥပဒေမူကြမ်း ကော်မီတီက စာတမ်းပြင်တင်မှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ရှင်းပြပါတယ်။

ဧပြီလ ၂၃ ရက်နေ့က ပြန်လည်ခေါ်ယူကျင်းပတဲ့ ပထမအကြိမ် တတိယ ပုံမှန်အစည်းဝေးတွေကို ဧပြီလ ၃၀ ရက်နေ့မှာပြည်ထောင်စု လွှတ်တော်ရပ်နားဖို့ ရှိပြီး စတုတ္ထ ပုံမှန် အစည်းဝေးတွေကိုတော့ လာမယ့် ဇွန်လထဲမှာ ခေါ်ယူနိုင်ဖို့ ရှိနိုင်တယ်လို့လည်း ကိုယ်စားလှယ်တွေက ခန့်မှန်းပြောဆိုကြပါတယ်။