ဟောင်ကောင် အလွတ်သဘောမဲပေးမှု တရုတ်အစိုးရ လက်မခံ

ဟောင်ကောင်ပြည်သူတွေ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒမဲပေးနေကြစဉ်။ (ဂျွန် ၂၂၊ ၂၀၁၄)

ဟောင်ကောင်ပြည်သူတွေ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒမဲပေးနေကြစဉ်။ (ဂျွန် ၂၂၊ ၂၀၁၄)

အရင်က ဗြိတိသျှလက်အောက်မှာရှိခဲ့တဲ့ ဟောင်ကောင်ကျွန်းမှာ တနင်္ဂနွေနေ့က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်လာစေဖို့ ကျင်းပတဲ့ အလွတ်သဘော လူထုဆန္ဒခံယူပွဲအတွက် မဲပေးနေကြတာမို့ တရုတ်အစိုးရကို ဒေါသထွက်စေခဲ့ပါတယ်။

သောကြာနေ့မှာစတင်ခဲ့တဲ့ အင်တာနက်နဲ့ တယ်လီဖုံးတွေကတဆင့် ၃ ရက်ကြာမဲပေးမှုမှာ မဲဆန္ဒရှင် ၆ သိန်းလောက် ပါဝင်မဲပေးခဲ့ကြတာပါ။ ဒီဆန္ဒခံယူပွဲဟာ တရားမဝင်သလို အကျိုးသက်ရောက်မှုလည်း ဘာမှမရှိဘူးလို့ ဟောင်ကောင်အစိုးရက ပြောကြားသလို တရုတ် ကွန်မြူနစ်ပါတီ ကလည်း အလားတူကြေညာပါတယ်။

ဒီကိစ္စကို စီစဉ်ဆောင်ရွက်တဲ့ The Occupy Central လှုပ်ရှားမှု အဖွဲ့ရဲ့ ဆန္ဒမဲ ခံယူတဲ့ ဝက်ဘ်ဆိုက်စာမျက်နှာဟာ အရင် သီတင်းပတ်ထဲမှာပဲ အကြီးအကျယ် ထိုးဖေါက် တိုက်ခိုက်တာခံခဲ့ရတာမို့ ဒီကနေ့မှာတော့ အပြင်မှာ မဲပေးလို့ရတဲ့ မဲရုံတွေဖွင့်ခဲ့တာဖြစ်ပြီး မဲပေးလို့ရတဲ့ကာလကိုလည်း ဇွန်လ ၂၉ ရက်နေ့ အထိ တိုးလိုက်ပါတယ်။

ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးရုံး အကြီးအကဲနေရာအတွက် ရွေးချယ်စရာလမ်း ၃ သွယ်ကို ရွေးချယ်ဖို့ မဲပေးကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အကြီးအကဲနေရာအတွက် အရွေးချယ်ခံ ကိုယ်စားလှယ်တွေကို တရုတ်အစိုးရလိုလားတဲ့ ကော်မတီက ရွေးချယ်ပေးနေတာဖြစ်ပါတယ်။