ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ် ကျမ်းကျိန်

လူဦးရေ ၇ သန်းရှိတဲ့ ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှုအသစ် ဖြစ်လာသူဟာ ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဗြိတိသျှပိုင် ကိုလိုနီကျွန်းနိုင်ငံအဖြစ်ကနေ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်း ပေးခဲ့အပြီး (၁၅) နှစ်ပြည့်မြောက်တဲ့ အချိန်မှာကျင်းပတဲ့ အဲဒီ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခမ်းအနားကို တရုတ်သမ္မတ ဟူကျင်းတောင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး လုံခြုံရေးတွေ တင်တင်းကျပ်ကျပ် ချထားတယ်လို့ သိရပါတယ်။

သမ္မတ ဟူကျင်းတောင် က တရုတ်အစိုးရအနေနဲ့ ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းကို ထောက်ခံသလို နိုင်ငံတခုအတွင်း စနစ် ၂ မျိုး ကျင့်သုံးတဲ့မူဝါဒကို ဆက်လက်ကျင့်သုံး အကောင်ထည် ဖော်သွားမယ်လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးအသစ် ဖြစ်တဲ့ မစ္စတာလီယောင်ချွန်ယင်း (Leung Chun-ying) ကလည်း သူ့အစိုးရဟာ ဟောင်ကောင် ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အကောင်ထည်ဖော် လုပ်ဆောင်သွားမှာပါလို့ ပြောဆိုပါတယ်။

ဒီအတောအတွင်း တကိုယ်တော်ဆန္ဒပြသူတဦးက မတ်တက်ရပ်ပြီး တရုတ်နိုင်ငံမှာ တပါတီ အာဏာရှင်စနစ်ကို ဖျက်သိမ်း ပေးဖို့ဆိုပြီး သမ္မတ ဟူကျင်းတောင်ကို ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။ မကြာခင်မှာ သူ့ကို လုံခြုံရေး ရဲတွေက ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး အသစ်ဖြစ်တဲ့ လီယောင်ချွန်ယင်း ဟာ ချမ်းသာကြွယ်ဝတဲ့ စီးပွားပိုင်ဆိုင်မှုဆိုင်ရာ အတိုင်ပင်ခံ တဦးဖြစ်ပြီး သူဟာ အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်နယ်လ်ဆန်း (Donald Tsang) ထံကနေ တာဝန်ကို လွှဲပြောင်းရယူ ရမှာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးအသစ်ဖြစ်သူ လီယောင်းဟာ ပြည်မကြီးက တရုတ် အစိုးရနဲ့ အလွန်နီးစပ်သူ ဖြစ်တယ်ဆိုပြီး ဝေဖန်တာကို ခံနေရသူဖြစ်ပါတယ်။

သောင်းပေါင်းများစွာရှိတဲ့ ဟောင်ကောင် ပြည်သူတွေဟာ ဇူလိုင်လ ၁ ရက်နေ့ နှောင်းပိုင်းမှာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြကြဖို့ ရှိနေပါတယ်။ ဒါဟာ ပုံမှန်နှစ်စဉ် ဆန္ဒပြကြတဲ့အတိုင်း တရုတ်နိုင်ငံကနေ ဟောင်ကောင်ကို ပိုမိုလွတ်လပ်ခွင့် ပေးဖို့နဲ့ ဆင်းရဲ ချမ်းသာ ကွာဟမှု တိုးမြင့်လာတာကို မကျေနပ်ကြတဲ့အတွက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။