ဟောင်ကောင် ဆန္ဒပြခေါင်းဆောင်တွေ ရဲ လက်ထဲ အပ်ဖို့ ပြင်ဆင်

Hong Kong Occupy Central လှုပ်ရှားမှု ဆန္ဒပြအဖွဲ့ကြီးကို တည်ထောင်သူ ၃ ဦးဟာ မကြာခင်မှာ ဥပဒေကို လေးစားကြောင်း ပြသတဲ့အနေနဲ့ ရဲတပ်ဖွဲ့ထံ သွားရောက်ပြီးတော့ အဖမ်းခံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Benny Tai၊ Chan Kin-man နဲ့ Chu Yiumin က သူတို့ရဲ့ လုပ်ရပ်ကို လက်နက်ချတယ်လို့ မမှတ်ယူစေလိုကြောင်းနဲ့ တလကျော်ကြာမြင့်တဲ့ လမ်းပေါ်တက် ဆန္ဒပြမှုကို အဆုံးသတ်သွားတာလည်း မဟုတ်ကြောင်း ပြောပါတယ်။

သူတို့ ၃ ယောက်ဟာ ရှေ့သီတင်းပတ်ကုန်ပိုင်းမှာ သွားရောက် အဖမ်းခံမှာ ဖြစ်တယ်လို့ South China Morning Post သတင်းစာမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း ရွေးချယ်တင်မြှောက် ရမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူးနေရာကို တရုတ်အစိုးရက သူတို့အလိုကျ ရွေးချယ်ပေးမှာနဲ့ ပတ်သတ်ပြီး ဒါကို ပြောင်းလဲပေးဖို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။