ဟောင်ကောင်မှာ Occupy movement လှုပ်ရှားမှုကို ဦးဆောင်တဲ့ ခေါင်းဆောင် ၃ ဦးက ရဲဆီမှာ သွားအဖမ်းခံမယ့် အစီအစဉ်ကို ဆက်လုပ်မှာဖြစ်ပြီး တခြားဆန္ဒပြသူတွေ အနေနဲ့ သူတို့အတွက် ဘေးကင်းတဲ့နေရာကို ဆုတ်ခွာကြဖို့ တိုက်တွန်းသွားပါတယ်။
ဆန္ဒပြ ခေါင်းဆောင် ၃ ဦး ဖြစ်တဲ့ Benny Tai, Chan Kin-man နဲ့ Chu Yiu-ming တို့က ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီမှာ ရဲဌာနချုပ်မှာ သွားအဖမ်းခံမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ရဲကသူတို့ကို ဖမ်းထားမလား လွှတ်မလားဆိုတာတော့ မသိသေးဘူး၊ သူတို့ဖက်ကတော့ ဖြစ်လာတဲ့ အကျိုးဆက်ကို ဘာပဲဖြစ်ဖြစ်ရင်ဆိုင်မယ်လို့ ခေါင်းဆောင် တဦးဖြစ်တဲ့ Benny Tai က ပြောပါတယ်။
လမ်းတွေပေါ်မှာ ဆက်နေရာယူထားတဲ့သူတွေလည်း ပြန်ဆုတ်ခွာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရေရှည်တိုက်ပွဲဝင်သွားကြဖို့ ပြင်ဆင်ပါလို့ တိုက်တွန်းသွားပါတယ်။ အခုလို သူတို့အဖမ်းခံကြတာက ကြောက်လို့မဟုတ်သလို ရှုံးနိမ့်ပြီလို့ ဝန်ခံတာလည်း မဟုတ်ပါဘူး၊ ရက်စက်တဲ့ အစိုးရကို လူသိရှင်ကြား ရှုတ်ချတာဖြစ်တယ်လို့ Occupy movement ရဲ့ Twitter စာမျက်နှာမှာ ပြောထားပါတယ်။
စက်တင်ဘာလကုန်ပိုင်းမှာ စတင်ဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေဟာ ၂၀၁၇ ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ ကျင်းပပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုတာဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ ဆန္ဒပြပွဲတွေဟာ တရားမဝင်ဘူးလို့ပြောပြီး သပိတ်စခန်းတွေကို ရှင်းလင်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့အတွက် ၂ဖက်ကြား တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။