နိုင်ငံရေးအကျဉ်းသားတချို့ ထောင်တွင်းသေဆုံးမှု HRW ရှုတ်ချ   

အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေအတွင်း သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် စစ်တပ်နဲ့ရဲတပ်ဖွဲ့မှာ တာဝန်ရှိတဲ့ အကြောင်းနဲ့ ဒီလို သေဆုံးမှုတွေကိုမသိကျိုးကျွံပြုပြီး စုံစမ်းစစ်ဆေးတာ၊ အရေးယူတာမျိုး မလုပ်တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဒီနေ့ ရက်စွဲနဲ့ အစီရင်ခံစာထုတ်ပြန်ပါတယ်။

အကျဉ်းထောင်အတွင်း နှိပ်စက်ညှင်းပမ်းခံရပြီး ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့သူ ၆ ဦး ရဲ့အကြောင်းကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက အစီရင်စာထုတ်ပြန်တာပါ။

သေဆုံးခဲ့သူ ၆ ဦးထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ၃ ဦး ပါဝင်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းဒေသတွေအတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖြစ်ပြီး ပြီးခဲ့တဲ့မေလ နဲ့ ဇူလိုင်လအတွင်း သေဆုံးခဲ့တာပါ။ မိသားစုဝင်တွေ မျက်မြင် သက်သေတွေကို အဝေးကနေ ဆက်သွယ် မေးမြန်းခဲ့သလို လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုဖိုင် ၅ ဖိုင်နဲ့ ဓါတ်ပုံ ၄၀ ကျော်ကို သုံးသပ်သတင်းထုတ်ပြန်ခဲ့တာလို့ HRW အဖွဲ့က ပြောဆိုပါတယ်။

အခု မှတ်တမ်း ပြုစုထားသလောက်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်အတွင်း နှိပ်စက်ညှင်းပမ်း ခံရရင်း သေဆုံးခဲ့သူတွေရဲ့ ကိုယ်စား အပေါ်ယံ တွေ့ရသမျှသာ ဖြစ်တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ သုသေသီတဦးဖြစ်တဲ့ Manny Maung က ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စစ်တပ်၊ အချုပ်ထောင်နဲ့ ရဲစခန်းတွေမှာ သေဆုံးခဲ့သူ ၇၃ ဦးထက်မနည်း ရှိတယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီ ဘက်ကတော့ AAPP ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ ချဲ့ကား ထုတ်ပြန်တာလို့ အမြဲတစေ ငြင်းဆိုလေ့ရှိပါတယ်။

Your browser doesn’t support HTML5

နိုင်ငံရေးအကျဉ်းသားတချို့ ထောင်တွင်းသေဆုံးမှု HRW ရှုတ်ချ .mp3

===========

[[Unicode]]





