ဖွဲ့စည်းပုံပြင်ရေးလက်မှတ်ထိုးသူ ဗိုလ်မှူးထောင်ချခံရမှု HRW ဝေဖန်

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုမှာ လာရောက်လက်မှတ်ထိုးခဲ့တဲ့ ဗိုလ်မှူးကျော်စွာဝင်း။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုမှာ လာရောက်လက်မှတ်ထိုးခဲ့တဲ့ ဗိုလ်မှူးကျော်စွာဝင်း။

ဖွ့ဲစည်းပုံပြင်ဆင်ရေးလက်မှတ်ထိုးလို့ မြန်မာစစ်အရာရှိတဦးကို ထောင်ဒဏ် အပြစ်ပေးတဲ့ဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ တကယ်ပဲ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာလားဆိုတဲ့ သံသယပိုပြီး ကြီးမားစေတယ်လို့ HRW အဖွဲွ့ကြီးက ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုထံ လက်မှတ် ကောက်ယူလှုပ်ရှားမှုကာလအတွင်း ပြင်ဦးလွင်မြို့မှာ ဗိုလ်မှူးကျော်စွာဝင်း ပါဝင်လက်မှတ်ရေးထိုးခဲ့တာပါ။ သူ့ကို ဧပြီလက ဖမ်းဆီးခဲ့တာဖြစ်ပြီး ငါးလ အကြာမှာ စစ်ခုံရုံးက ပုဒ်မ (၄၁) အမိန့် မနာခံမှုနဲ့ ပုဒ်မ (၆၅) စစ်စည်းကမ်းနဲ့မညီဘဲ ပြုမူပြောဆိုမှု-စတာတွေနဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ပြီး မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းထားပါတယ်။

အခုလို ဗိုလ်မှူးကျော်စွာဝင်းကိုအရေးယူတဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး တကယ်ပဲဖြစ်နေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွ့ဲကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ရပ်တန့်ဖို့ လုပ်ဆောင်ရမယ့်အချက်တွေထဲမှာ ဒီလို အရေးယူတဲ့အချက်မျိုးပါဝင်ပါတယ်။ ဒီလိုဖိနှိပ်မှုမျိုးဟာ စစ်အာဏာရှင် အုပ်ချုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် (၅၀) ကတည်းက ရှိခဲ့တာပါ။ ဒီဖြစ်ရပ်ကိုကြည့်ပြီး မြန်မာနိုင်ငံအနေနဲ့ တကယ်ပဲပြောင်းလဲနေပြီးလားဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ စစ်တပ်က နိုင်ငံရေး ကစားနေတာလား၊ ဒါမှမဟုတ် အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာဖို့၊ နိုင်ငံ တကာ အလှူရှင်တွေကိုဆွဲဆောင်ဖို့ လှည့်ဖြားချက်တွေကို သက်သက်လုပ်နေတာလားဆိုတာ မေးစရာရှိပါတယ်။”

ဒါ့အပြင် ဗိုလ်မှူးကျော်စွာဝင်းဟာ ဖွ့ဲစည်းပုံပြင်ဆင်ရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ လျှော့ချဖို့ထောက်ခံခဲ့တာဖြစ်ပြီး ဒါဟာလည်း စစ်တပ်ရော၊ အစိုးရကိုယ်တိုင်ပါ ပြောနေတဲ့အချက်ဖြစ်ပါတယ်လို့ Brad Adams ကဆိုပါတယ်။

“ဒီအမိန့်မျိုးဟာ စစ်အာဏာရှင်လက်ထက်တုန်းက ရှိခဲ့တာပါ။ အခုအချိန် စစ်အာဏာရှင် မရှိတော့ပါဘူး။ ဒါကြောင့် ဒီအမိန့်ဟာ အဓိပ္ပာယ်မရှိပါဘူး။ မြန်မာနိုင်ငံမှာ စစ်ယူနီဖောင်းဝတ် ပုဂ္ဂိုလ်တွေရော၊ ယူနီဖောင်းချွတ်ပုဂ္ဂိုလ်တွေပါ အစိုးရနဲ့လွှတ်တော်မှာ အမှုထမ်းနေကြပြီး သူတို့ရဲ့နိုင်ငံရေးအမြင်တွေကို တင်ပြနေကြတာပါ။”

အခုလို ဗိုလ်မှူးကျော်စွာဝင်းအနေနဲ့ စစ်ယူနီဖောင်းဝတ်ပြီး ထောက်ခံလက်မှတ်ရေးထိုးတာကို ထောင်ဒဏ်ချမှတ်တဲ့အထိ အရေးယူတာဟာ စစ်တပ်နဲ့ ပြည်သူအကြားမှာ အမြင်လွဲမှားမှုတွေပိုပြီးကြီးလာစေတယ်လို့ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကသုံးသပ်ပါတယ်။

“ဗိုလ်မှူးကျော်စွာဝင်းကို အရေးယူတဲ့ပုဒ်မက ပုဒ်မ (၆၅) ဆိုတာ တပ်မတော်မှာတော့ ‘အမြင်ကပ်ပုဒ်မ’ လို့ ခေါ်တာပေါ့လေ၊ သူတို့ရဲ့ ပုဒ်မကတော့ စစ်စည်းကမ်းနဲ့မလျော်မညီ ပြုမူလုပ်ကိုင်တယ်ဆိုတဲ့ ပုဒ်မမျိုးတပ်တာ ဖြစ်ပါလိမ့်မယ်။ ဒီပုဒ်မကတော့ စစ်သားတယောက်၊ စစ်ဗိုလ်တယောက်ပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဒီပုဒ်မနဲ့က အရေးယူမယ်ဆိုရင် လွတ်တဲ့လူကတော့ မရှိပါဘူး။ ဒါပေမယ့် ဒီမှာတော့ ပုဒ်မ (၄၃၆) ကို ယူနီဖောင်းနဲ့ သွားပြီးတော့မှ လက်မှတ်ထိုးရုံလောက်နဲ့တော့ စစ်စည်းကမ်းနဲ့ မကိုက်ညီဘူးလို့ ပြောလို့ မရပါဘူးခင်ဗျာ။ ဒါပေမယ့် (၄၃၆) ကို မထိုးရဘူးဆိုတဲ့ အမိန့်ထုတ်ပြန်ထားတဲ့ ကျနော်တို့ စစ်သည်တော်ကျင့်ဝတ်တို့- ဘာတို့မှာ ဒါမျိုးတွေ မပါပါဘူး။ တကယ်တော့ ကျနော်တို့တပ်မတော်ဟာ ပြည်သူတွေလိုလားတဲ့ ပြည်သူ့ တပ်မတော်သာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့်အခုလက်ရှိကတော့ တပ်မတော်သားအများစုနဲ့ မိသားစုတွေနဲ့ ပြည်သူကို သွေးခွဲထားတဲ့အနေအထားမျိုးနဲ့ လုပ်ထားတာမျိုးပါ။ အင်မတန်မှ တပ်မတော်သားတွေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ ဗိုလ်မှူးကျော်စွာဝင်းကို စံပြအဖြစ် ထောင်ချပြတယ်လို့ပဲ ကျနော် မြင်ပါတယ်ခင်ဗျ။”

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ဝန်ထမ်းတွေအပေါ်မှာ အရင် စစ်အစိုးရလောက် ပြင်းထန်တဲ့တားမြစ်ချက်မျိုးတွေမရှိပေမယ့် စစ်တပ်တွင်း အခုလို အမိန့်ထုတ်ပြန်တားဆီးထားသလိုမျိုး ဝန်ကြီးဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီး နိုင်ငံရေးထဲမပါဝင်ရအောင် တားမြစ်ထားတာတွေ ရှိနေတယ်လို့လည်း အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ကျောင်းသားတွေနဲ့ပတ်သက်တဲ့ ပညာရေးဌာနတွေမှာ ကျောင်းဆရာ၊ ဆရာမတွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်ခြင်း မပြုဖို့ တားမြစ်ထားတယ်ဆိုတာကိုလည်း ကျနော်တို့ ကြားသိရပါတယ်။ အဲဒီတော့ ဒီတပ်မတော်အနေနဲ့ကတော့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် စည်းကမ်းထုတ်ပြန်ပြီဆိုရင်တော့ ကျနော်တို့ မပြောနိုင်ဘူးပေါ့နော်။ သာမန်ဝန်ထမ်းတွေနဲ့ ပြည်သူတွေအပေါ်မှာတော့ ဒီ လိုမျိုး ထုတ်ပြန်ပြဌာန်းတဲ့ဥစ္စာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လုံးဝဆန့်ကျင်တဲ့ကိစ္စရပ်ဖြစ်တယ်လို့ပဲ ကျနော်က ပြောချင်ပါတယ်။”

၂၀၁၃ ခုနှစ်ကစပြီး အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ်အပါအဝင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွ့ဲအစည်းနဲ့ လူထုအခြေပြုအဖွ့ဲအစည်းတို့ပူးပေါင်းပြီး ဖွ့ဲစည်းပုံပြင်ဆင်ရေးအတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ စည်းရုံးလှုပ်ရှားခဲ့ကြရာမှာ ပြည်သူတွေရဲ့လက်မှတ် စုစုပေါင်း (၅) သန်းကျော် ကောက်ခံရရှိခဲ့ပြီး ဒီစာရင်းကို လွှတ်တော်မှာလည်း တင်သွင်းထားပါတယ်ရှင်။