ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမှာ တနင်္ဂနွေနေ့က မီးလောင်မှုအရှိန် ကြီးမားတာကြောင့် ဒုက္ခသည်တွေ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီးသတ်အရာရှိတွေနဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေက ပြောပါတယ်။
Cox's Bazar ခရိုင် Ukhiya မှာရှိတဲ့ Balukhali (ဘာလုခါလီ) စခန်းမှာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း Ukhiya မီးသတ်အရာရှိ Emdadul Haque ကို ကိုးကားပြီး AP သတင်းက ပြောပါတယ်။
လူသေကျေ ထိခိုက်မှု ရှိမရှိဆိုတာကတော့ လတ်တလော မသိရသေးပါဘူး။
ဘင်္ဂလားဒေ့ရှ် UNHCR ရဲ့ တွစ်တာမှာတော့ မီးလောင်ခဲ့တဲ့ စခန်းနံပါတ် ၁၁ မှာ စေတနာ့ဝန်ထမ်းတွေက မီးလောင်မှုအခြေအနေကို ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ပေးခဲ့ကြပြီး ကုလသသမဂ္ဂအေဂျင်စီအပါအဝင် အခြားမိတ်ဖက်အဖွဲ့အစည်းတွေကလည်း မီးဘေးဒုက္ခသည်တွေကို ဝိုင်းဝန်းအကူအညီပေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ ဖေါ်ပြထားခြင်း မရှိသေးပါဘူး။
ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုကြီးမားကြောင်း အဲဒီမှာရောက်ရှိနေတဲ့ အေပီသတင်းအဖွဲ့ကလည်း ပြောပါတယ်။ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ရှိနေပြီး အဲဒီထဲမှာ ၂၀၁၇ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူဦးရေ ၇၄၀,၀၀၀ လောက် ပါဝင်ပါတယ်။
လက်ရှိ မြန်မာစစ်ကောင်စီဘက်ကတော့ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကြိုးပမ်းနေကြောင်း ပြောထားပေမယ့် ရခိုင်ပြည်နယ်မှာ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားနေတာကြောင့် အောင်မြင်မှုမရသေးပါဘူး။
==== Unicode ====