လူ့အခွင့်အရေးနေ့အခမ်းအနား မြန်မာသမ္မတ သဝဏ်လွှာပို့

ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် (MOI)

မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန်လာဖို့ လူ့အခွင့်အရေးကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ သမ္မတဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ အဲဒီလိုတိုက်တွန်းထားတာပါ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေပိုင်းမှာ အားနည်းဆဲရှိပေမယ့် ဖြစ်ထွန်းတိုးတက်မှုပိုင်း ရှိလာတာကို အသိအမှတ်ပြု ပြောဆိုတာလည်းရှိပါတယ်။ အပြည့်အစုံကိုတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ကမကထပြုပြီး ဒီကနေ့ကျင်းပတဲ့ အခမ်းအနားကို ကိုယ်တိုင်သွားပြီး သတင်းယူထားတဲ့ ကိုထက်အောင်ခန့်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ဆောင်ပုဒ်ကတော့ "လူ့အခွင့်အရေးရပ်တည်ပေး” ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီဆောင်ပုဒ်နဲ့အညီ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် လုပ်ဆောင်ဖို့ သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာမှာ တိုက်တွန်းထားတာကို လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက အခမ်းအနားအတွင်း ဖတ်ကြား သွားပါတယ်။

"နိုင်ငံသားများရဲ့ လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ၊ အစိုးရနှင့် ပုဂ္ဂလိက မီဒီယာအဖွဲ့အစည်းများနှင့် ပြည်သူများသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ပါတယ်။"

ဒီကနေ့အခမ်းအနားကိုတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကျင်းပတာဖြစ်ပြီး နိုင်ငံခြား သံတမန်များ ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က တာဝန်ရှိသူများ လူ့အခွင့်အရေး လှုပ်ရှားသူများ တက်ရောက်ကြပါတယ်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်တွေ၊ လက်ရှိဖွဲ့စည်းပုံဥပဒေပါ နိုင်ငံသားအခွင့်အရေးတွေ၊ နိုင်ငံအချင်းချင်း ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေ စတာတွေနဲ့အညီ နိုင်ငံသားတွေရဲ့ လူ့အခွင့် အရေးကို လေးစား စောင့်ရှောက် ဖြည့်ဆည်းပေးရေးမှာလူ့အခွင့်အရေးကော်မရှင်ရဲ့ အခန်းကဏ္ဍကို ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလည်း ထောက်ပြ ပြောဆိုပါတယ်။ ကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ် အစိုးရပိုင်းက အကောင်အထည်ဖော် လုပ်ဆောင်ရေးနဲ့ပတ်သက်ပြီး ဒေါက်တာဝင်းမြတ်အေးက

"အကြံပြုချက်များအပေါ်လည်း အစိုးရအနေဖြင့်လည်း ပြည်သူတွေအတွက် ပိုမိုထိရောက်စွာ အကောင်ထည်ဖော် ဆောင်ရွက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အကောင်ထည်ဖော် ဆောင်ရွက်ပေးနိုင်အောင်လည်း အစိုးရအနေနဲ့ ကြိုးစားဆောင်ရွက်မယ် လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။"

ပြီးခဲ့တဲ့ နှစ် ၇၀ အခြေအနေကို ပြန်ကြည့်ရင် နိုင်ငံတကာမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ တိုးတက်လာတာများပေမဲ့ မြန်မာနိုင်ငံမှာတော့ အားနည်းနေသေးတယ်လို့ ထောက်ပြသူက ထင်ရှားတဲ့ စာရေးဆရာမတဦးဖြစ်သူ မသီတာ (စမ်းချောင်း) ပါ။ ဒါပေမဲ့လည်း ဖြစ်ထွန်းပြောင်းလဲမှု ရှိလာတာကိုလည်း သူက အသိအမှတ်ပြု ပြောဆိုပါတယ်။

"တကယ်တမ်းကတော့ ကျွန်မထင်တယ်။ ဒါကဒီအစိုးရလက်ထက် ဟိုအစိုးရလက်ထက် ဆိုတာထက်ပေါ့နော်။ ဒီစစ်အစိုးရ လက်ထက် နောက်ပိုင်းမှာတော့ တဖြေးဖြေးနဲ့ ဒီလူ့ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး လူထုရဲ့သိမှုကလည်း တိုးလာသလို ကျင့်သုံး နိုင်ခွင့် အခွင့်အလမ်းလည်း အတန်အသင့်တော့ တိုးတက်လာတယ်။"

၁၉၄၆ ခုနှစ်မှာ ဖွဲ့စည်းတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကနေ အပြည်ပြည်ဆိုင်ရာလူအခွင့်အရေး ကြေညာစာတမ်းမူကြမ်းကို ၁၉၄၆ ကနေ ၂၈ အထိ နှစ်နှစ်ကြာ ဦးဆောင်ရေးဆွဲခဲ့တာပါ။ အပိုဒ် ၃၀ ပါတဲ့ အဲဒီကြေညာစာတမ်းကိုတော့ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ အတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေကို အစွဲပြုပြီး “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” အဖြစ် ၁၉၅၀ ခုနှစ်ကစပြီး တရားဝင် သတ်မှတ်ခဲ့တာပါ။

Your browser doesn’t support HTML5

လူ့အခွင့်အရေးနေ့အခမ်းအနား မြန်မာသမ္မတ သဝဏ်လွှာပို့