ပထမဆုံး လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် လူငယ်တွေဆုရ

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုရသူ ဒါရိုက်တာရီနန်းသိုက်

မြန်မာနိုင်ငံကလူငယ်တွေဟာ အလားအလာအများကြီး ရှိသူတွေဖြစ်ပြီး အခွင့်အရေး သာရမယ်ဆိုရင် အကောင်အထည် ဖော်နိုင်သူတွေ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

သူ့ရဲ့ ၆၈ နှစ်ပြည့် မွေးနေ့ကို အထိမ်းအမှတ်ပြုပြီးတော့ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲအခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည် က အဲဒီလိုပြောခဲ့တာပါ။ ဒီရုပ်ရှင်ပွဲတော်ကို ကြည့်တဲ့အခါ လူငယ်တွေအပေါ် ယုံကြည်မှုရှိတာ မမှားဘူးဆိုတာကို တွေ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တဲ့ ရန်ကုန်မြို့၊ Traders' ဟိုတယ်က ဆုပေးပွဲအခမ်းအနားကို ကိုကျော်ကျော်သိန်းက ကိုယ်တိုင်သွားတက်ပြီးတော့ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်နေ့အထိ ကျင်းပတဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် နောက်ဆုံးနေ့မှာ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ပြီးတော့ ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ပြိုင်ပွဲဝင်တဲ့ ဇာတ်ကားပေါင်း ၂၈ ကားနဲ့ နိုင်ငံတကာဇာတ်ကားပေါင်း ၂၆ ကား၊ စုစုပေါင်း ၅၄ ကားထဲကနေ အပြည်ပြည်ဆိုင်ရာ ခုံသမာဓိ လူကြီး ၄ ဦးက အကဲဖြတ် ရွေးချယ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ဆုရသူတွေအားလုံးဟာ လူငယ်တွေ ဖြစ်နေတာကို တွေ့ရတာကြောင့် သိပ် သဘောကျမိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“လူငယ်တွေရဲ့ စိတ်ဓာတ်အင်အား၊ လူငယ်တွေရဲ့ အတွေးအခေါ်၊ လူငယ်တွေရဲ့ ထွင်နိုင်တဲ့ အစွမ်းသတ္တိတွေဟာ ဘယ်လောက် ကျမတို့နိုင်ငံမှာ ရှိသလဲဆိုတာ ပြတာပါ။ ကျမအမြဲပြောပါတယ်။ ကျမတို့နိုင်ငံမှာ လူငယ်တွေက အလားအလာ အများကြီးရှိတယ်။ အခွင့်အရေးသာ မရခဲ့တာ။ အခွင့်အရေးတွေ ပေးလာလို့ရှိရင် ဒီအလားအလာတွေကို အကောင်အထည် ဖော်နိုင်မယ်လို့ ကျမ အမြဲပဲ ယုံကြည်ခဲ့ပါတယ်။ ဒီလို ရုပ်ရှင်ပွဲတော်တခုကို လာပြီးတော့ ကြည့်ရတဲ့အခါမှာ ဒီလို ကျမတို့ လူငယ်တွေအပေါ်မှာ ယုံကြည်မှုရှိတာဟာ မမှားဘူးဆိုတာကို မျက်ဝါးထင်ထင် မြင်ရပါတယ်။”

Norwegian Burma Committee က ကမကထပြုချီးမြှင့်တဲ့ NBC ဆု၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အစဉ်တစိုက ထောက်ခံအားပေးခဲ့တဲ့ ကွယ်လွန်သူချက်သမ္မတဟောင်း ဗားဆလပ်ဗ် ဟာဗဲလ် (Vaclav Havel) အထိမ်းအမှတ် Vaclav Havel Library Award လို ဆုတွေအပြင် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရဆု၊ မင်းကိုနိုင်အမှတ်တရဆုနဲ့ မတ် ၁၃ အမှတ်တရဆု ဆိုပြီး အဓိကဆုကြီးသုံးခုကို ချီးမြှင့်ခဲ့ပါတယ်။

အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်အမှတ်တရဆုကို မြန်မာနိုင်ငံတွင်းက ရသွားသူကတော့ ဒါရိုက်တာရီနန်းသိုက်ပါ။ အကျဉ်း ထောင်တွင်း ရှင်သန်နေထိုင်ခြင်းလို့ဆိုရမယ့် Survival in Prison ရုပ်ရှင်ဇာတ်လမ်းတိုကို နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်တဲ့ ကိုဆန်းဇော်ထွေးပေါ် အခြေတည်ပြီးတော့ မြန်မာနိုင်ငံက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေအကြောင်း၊ ဖမ်းဆီး နှိပ်စက်ခံရပုံတွေအကြောင်းနဲ့ အကျဉ်းထောင်အတွေ့အကြုံတွေကို ရောယှက်ပြီး ဒီဇာတ်ကားကို ရိုက်ကူး တင်ဆက်ထားတာပါ။

အခုလို ပွင့်လင်းလာချိန်မှာ ဖြတ်သန်းလာခဲ့ရသူတွေရဲ့အကြောင်းကို ပြောပြဖို့လိုမယ်လို့ ထင်တယ်ဆိုတဲ့ စိတ်လေးတစ်ခုနဲ့ ဒီ ဇာတ်ကားကို ဖန်တည်းခဲ့တာပါလို့ ဆုရသူ ဒါရိုက်တာရီနန်းသိုက်က ပြောပါတယ်။

“ကျနော် ဒီဆုကို ရပေမဲ့ ကျနော့်ဇာတ်ကားအတွက်ဆုကို ကျနော် မရသေးဘူးလို့ပဲ ကျနော် ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ဇာတ်ကားမှာ ကျနော် ကြိုက်လို့ပေါ့နော် အမေရိကန် သမ္မတ အိုဘားမား လာတုန်းက သူ ပြောခဲ့တဲ့ မိန့်ခွန်းလေးတစ်ခုကို ကုတ်တေးရှင်း လုပ်ထားပါတယ်။ သူ ပြောတာက for the future that you deserve -- a future where a single prisoner of conscience is one too many အဲ့ဒီလို ကျနော်တို့ နိုင်ငံမှာ ယုံကြည်ချက်အကျဉ်းသား တစ်ယောက်တလေပဲ ကျန်တော့တယ်ဆိုရင်တောင်မှ အများကြီးဖြစ်နေပါသေးတယ်။ ကျနော်တို့နဲ့ ထိုက်တန်တဲ့ အနာဂတ်တစ်ခု ရလာရင်တော့ ဒီဇာတ်ကားရဲ့ဆုကို ကျနော် တကယ်ရပြီလို့ ယုံကြည်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

အနုပညာဟာ အနုပညာအတွက် သက်သက်သာမဟုတ်ဘဲ ကမ္ဘာသူ ကမ္ဘာသားများအတွက်ပါ ဖြစ်တယ်ဆိုတာကို အများနား လည်အောင်လုပ်ပေးဖို့ဖြစ်တာကြောင့် ဒီလိုမျိုးရုပ်ရှင်ပွဲတော်လုပ်နိုင်တာဟာ နိုင်ငံအတွက် ကောင်းတဲ့အကြောင်းတွေ အများကြီး ရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“စာပေကို နှစ်သက်တဲ့ ပုဂ္ဂိုလ်များပင်လျင် ရုပ်ရှင်အနုပညာကို အင်မတန်မှ အလေးထားတာ တန်ဖိုးထားတာ ရုပ်ရှင်အနုပညာနဲ့ ထိရောက်မှု အသိအမှတ်ပြုတာ တနေ့နဲ့တနေ့ ပိုပြီးတော့ တိုးလာပါတယ်။ ဒါကြောင့်မို့လို့ ရုပ်ရှင်ပညာကို ပညာတစ်ခုအနေနဲ့ လေ့လာဆည်းပူးပြီးတော့ ပညာတစ်ခုအနေနဲ့ လေးလေးစားစား သုံးစွဲတဲ့ ပုဂ္ဂိုလ်များကို ကျမတို့ကနေ အင်မတန်မှ တန်ဖိုးထားပါတယ်။”

မင်းကိုနိုင်အမှတ်တရဆုကို Myanmar Treasure Media က တင်ဆက်တဲ့ အဖြူနဲ့အစိမ်း White And Green ဆိုတဲ့ ဇာတ်ကား တို၊ မတ် ၁၃ အမှတ်တရဆုကို စွမ်းသူရထွန်း ဖန်တည်းတက်ဆက်တဲ့ စစ်တုရင် The Chess ဆိုတဲ့ Animation ဇာတ်ကားတိုတို့ က ဆွတ်ခူးသွားပါတယ်။

ဆုရဇာတ်ကားတွေကို တပါတည်းပြသခဲ့တဲ့ ဒီဆုပေးပွဲကို ဒေါ်အောင်ဆန်းစုကြည်အပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး ဒဲရက်က် မစ်ချဲလ် (Derek Mitchell) နဲ့ သံတမန်တချို့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီအပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ရုပ်ရှင်သရုပ်ဆောင်တချို့ တက်ရောက်ကြပါတယ်။

ဒီရုပ်ရှင်ပွဲတော်ကို အဓိက ကမကထပြု စီစဉ်သူကတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဖြစ်ပါတယ်။