HRWလူ့အခွင့်အရေး အဖွဲ့ မြန်မာပြည် ရောက်

MrTom Malinowski, Washington advocacy director of Human Rights Watch.

အမေရိကန်အခြေစိုက် Human Rights Watch နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးက ဝါရှင်တန်ရုံးအကြီးအကဲ Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အခုမြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ လူ့အခွင့်အရေး ချိုးဖေါက်မှု သိသိသာသာ ရှိနေသေးတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေထားကို လေ့လာစုံစမ်းမယ့် ဒီအဖွဲ့က တပါတ်ကျော် နေထိုင်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းအသီးသီးက လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဝါရှင်တန်ရုံးအကြီးအကဲ Tom Malinowski ဦးဆောင်တဲ့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီးက အဖွဲ့ဝင် ၁၀ ဦးကျော်ပါတဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ြ မန်မာနိုင်ငံမှာရောက်ရှိနေပြီး အစိုးရတာဝန်ရှိသူတွေအပါအဝင် အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှုး Phil Robertson ကVOA ကိုပြောပါတယ်။

“အစီအစဉ်အတိအကျကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် အစိုးရတာဝန်ရှိသူတွေ၊ သံရုံးနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေအပြင် NGO အဖွဲ့တွေနဲ့ပါတွေ့ဆုံဖို့ ရှိပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံက လက်ရှိအခြေနေကို စုံစမ်းလေ့လာကြမှာဖြစ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့စိတ်ပူတဲ့ လူ့အခွင့်ရေး အခြေအနေကိုပါ။”

အခုလို လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားကို စုံစမ်းလေ့လာရာမှာ မြန်မာနိုင်ငံအကြောင်း ဂဃနဏ သိတဲ့ သူတွေ ဦးဆောင်လာရောက်တာမို့ အကျိုးရှိတဲ့ခရီး အဖြစ်မျှော်လင့်ထားကြောင်းပြောပါတယ်။

“အဖွဲ့ကိုဦးဆောင်တဲ့သူက Tom Malinowski ပါ။ သူကကျွန်တော်တို့ရဲ့ ဝါရှင်တန်ရုံး အကြီးအကဲပါ။ ဒါ့အပြင် အဖွဲ့ထဲမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ ပါတ်သက်တဲ့ ကဏ္ဍအစုံကိုလေ့လာဖို့ အဖွဲ့ဝင်တွေ အများကြီးပါပါတယ်။ ဆယ်ယောက်လောက်ပါ။ မြန်မာနိုင်ငံအကြောင်း သေသေချာချာ သိတဲ့ Tom Malinowski ရော မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီးနှံ့စပ်တဲ့ David Mathieson ပါပါတာမို့ အခုခရီးစဉ်ဟာ အကျိုးရှိတဲ့ ခရီးဖြစ်မယ်လို့မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာခဲ့ပြီးတဲ့ နောက်ပိုင်း နိုင်ငံတကာနဲ့ တံခါးဖွင့် ဆက်ဆံလာသလို ပြည်တွင်းမှာ လည်း ဒီမိုကရေစီရေး အပြောင်းအလဲတွေ အများအပြား လုပ်ဆောင်လာခဲ့တာမို့ အာရှဒေသတာဝန်ခံတဦးအနေနဲ့ ဒီအပြောင်းအလဲဟာ ခရီးဘယ်လောက် ရောက်နေပြီထင်ပါသလဲ။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖေါက်မှု ပြဿနာတွေ အများကြီး သိသိသာသာ ရှိနေပါသေးတယ်။ တချို့နေရာတွေမှာ တိုးတက်မှုတွေရှိတယ်လို့ပြောလို့ရပေမယ် တချို့နေရာတွေမှာဆိုရင် သိပ်မတွေရရပါဘူး။ ဥပမာ သတင်းမီဒီယာထိမ်းချုပ်မှုကိုကြည့်ရင် အရင်ကထက် နဲနဲ ပိုကောင်းလာတာတွေ့ရပါတယ်။ ဒါပေမယ့် တိုင်းရင်းသားဒေသတွေ မှာ မြန်မာစစ်တပ်လှုပ်ရှားတဲ့ အပိုင်းကိုကြည့်ရင် ကချင်လိုဒေသမျိုးမှာ တကယ် ဆိုးနေတာတွေ့ရပါတယ်။ ဥပဒေအပိုင်း ကိုကြည့်ရင်လည်း နှစ်ရှည်လများ အကျဉ်းကျနေတဲ့ အတိုက်အခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအတွက် ဥပဒေဆိုတာ စာအုပ်ထဲမှာပဲရှိနေပါသေးတယ်။ ဘာမှပြောင်းလဲတာ မတွေ့ရပါဘူး။”

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကောင်းကောင်း ရနေပြီလို့ ပြောနိုင်ဖို့ အများကြီးလိုသေးတယ်လို့ ထင်ကြောင်းလဲပြောပါတယ်။ ဒါပေမယ့် အခုခရီးစဉ်မှာ မြန်မာနိုင်ငံထဲက အဖွဲ့အစည်းမျိုးစုံနဲ့ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခွင့်အလမ်း ပိုရလာတာမို့ အကျိုးရှိတဲ့ ခရီးဖြစ်မယ်လို့ ပါမျှော်လင့်ထားကြတာပါ။