မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတကြောက တရုတ်၊ မြန်မာ နယ်စပ်ကိုဖြတ်ပြီး လူကုန်ကူးနေကြတာတွေဟာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေပြီလို့ ပလောင်နဲ့ ကချင်အမျိုးသမီးများ အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ အရင်တုန်းက လက်ဖက်လုပ်ငန်းနဲ့ စီးပွားရေး ပြေလည်နေခဲ့တဲ့ ပလောင်မိသားစုတွေ အနေနဲ့ အခုချိန်မှာတော့ အစိုးရတပ်တွေ တိုးချဲ့ ချထားမှုနဲ့အတူ စီးပွားရေး ချုပ်ကိုင်တာတွေ များလာတဲ့နောက်ပိုင်း ပြည်ပကို ထွက်ပြီး အလုပ်အကိုင် ရှာဖွေကြရတဲ့အပြင် အသိပညာ နည်းပါးမှုတွေကြောင့် လူကုန်ကူးသူတွေရဲ့ ခေါင်းပုံဖြတ်မှုတွေကို ခံကြရတဲ့ အခြေအနေတွေက တနေ့တခြား ဆိုးရွားလာနေတာ ဖြစ်တယ်လို့လည်း တိုင်းရင်း အမျိုးသမီး အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ဒေသမှာ နေထိုင်တဲ့ ပလောင်လူမျိုးတွေဟာ ၂၀၀၉ ခုနှစ် ပလောင်လွတ်မြောက်ရေး တပ်မတော် လက်နက်ချခဲ့တဲ့ နောက်ပိုင်းမှာ အစိုးရတပ်တွေ တိုးပြီး ချလာတာနဲ့အတူ ပြည်သူ့စစ် စုဆောင်းမှု၊ အခွန်တိုးကောက်မှုနဲ့ လက်ဖက်ဈေး ထိန်းချုပ်မှုတွေကြောင့် စီးပွားရေးတွေ ချွတ်ခြုံကျခဲ့တာမို့ နိုင်ငံရပ်ခြားကိုထွက် စီးပွားရှာသူတွေ တနေ့တခြား များလာပြီး လူကုန်ကူး ခံရမှုတွေပါ တိုးလာခဲ့တယ်လို့ ပလောင်အမျိုးသမီး အစည်းအရုံးက ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာကို အသိမ်းပိုက်ခံ ဘဝများလို့ နာမည်ပေးထားပါတယ်။
“သိမ်းပိုက်ခံရတဲ့ ဘဝတွေ၊ အခိုးခံရတဲ့ ဘဝတွေပေါ့၊ ကျမတို့ အဓိက ရည်ရွယ်တာက ပလောင်အမျိုးသမီးထုတွေ၊ လူကုန်ကူးခံရတဲ့ဟာတွေ၊ သူတို့ရဲ့ ရွေးချယ်မှုတွေ မဟုတ်ဘူး။ သူတို့က လိုချင်တာ ရိုးရိုးသားသား နယ်စပ်မှာသွားပြီး အလုပ်တွေရှာမယ်၊ အိမ်ကို ပိုက်ဆံတွေ ပြန်ပို့မယ်ပေါ့။ အိုမင်းနေတဲ့ မိဘတွေကို တနေ့ ထမင်းသုံးနပ် စားနိုင်ဖို့အတွက် သူတို့ အလုပ်တွေရှာပြီး ပို့ပေးဖို့။ တကယ်တမ်းကျတော့ သူတို့က အညာခံရတယ်။ နယ်စပ်ရောက်တော့ ရောင်းစားခံလိုက်ရတဲ့ဟာမျိုးတွေ ဖြစ်တယ်။
“ဥပမာ တရုတ်ပြည်ဘက်ရောက်လို့ ရောင်းစားခံလိုက်ရရင် ဘာသာစကားလည်း မတတ်တော့ ဘယ်လိုဆက်သွယ်လို့ ဆက်သွယ်ရမှန်းလည်း မသိဘူး။ မိဘတွေ၊ ဆွေမျိုးတွေနဲ့လည်း အဆက်အသွယ်က မရှိတော့ မိဘတွေကလည်း သားသမီးတွေ ပျောက်ပြီဟေ့ ဆိုပြီးတော့ တချို့ဆို ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေတဲ့ ဟာမျိုးတွေပေါ့။ ကိုယ့်ဘဝကိုယ် မပိုင်ဆိုင်တော့ဘူး။ အိမ်ကနေထွက်ပြီ ဆိုတာနဲ့ သူတို့ဘဝက လမ်းပျောက်ရတဲ့ ဘဝတွေလိုမျိုး ဖြစ်သွားတာပေါ့။”
ပလောင်အမျိုးသမီးအဖွဲ့ တာဝန်ခံ မလွေးအေးနန်း ပြောသွားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်း တရုတ်၊ မြန်မာ နယ်စပ်ဒေသမှာ လူကုန်ကူး ခံရသူတွေနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့တဲ့ မလွေးမိုးခမ်းကတော့ တိုင်းရင်းသူ ဒေသခံတွေကြားမှာ ရောင်းစားခံရသူ အရေအတွက်ကို အခုထိ တိတိကျကျ စာရင်းမကောက်နိုင်သေးဘဲ ခန့်မှန်းတာထက် အများကြီး ပိုများဖို့ ရှိတယ်လို့ ဆိုပါတယ်။
“အခု ကျမတို့ ဒီအစီရင်ခံစာထဲမှာဆိုရင် ဖြစ်စဉ်က ၇၂ ခု ပါတယ်။ အမျိုးသမီးနဲ့ ကလေး အပါအဝင်ပေါ့ ၁၁၀ ရှိတယ်။ ဒီ ၃ နှစ်အတွင်းမှာပဲ ကောက်ခံတာ။ အများအားဖြင့်တော့ ကျမတို့ဆီ ရောက်လာတဲ့ အမျိုးသမီးလေးတွေရဲ့ ဖြစ်စဉ်တွေကို ကျမတို့ ကောက်ခံတယ်။ ပြီးတော့ ကျမတို့ အကူအညီပေးတဲ့ အမျိုးသမီးတွေ၊ လက်လှမ်းမီသလောက် ကောက်ခံထားတဲ့ဟာတွေ ဖြစ်တယ်။ ပလောင်ဒေသ တခုလုံးမှာ ရှိနေတဲ့ လူကုန်ကူးမှု ဖြစ်ပျက်နေတဲ့ဟာကို တကယ်တမ်း ကောက်ခံနိုင်မယ်ဆိုရင် ဒီ့ထက်မက အများကြီး ရှိနိုင်တယ်။
“တကယ်ဆိုရင် ကျမတို့ လက်လှမ်းမီတာက အရမ်းကိုနည်းတယ်။ ဖြစ်ပျက်နေတဲ့ ဟာတွေကတော့ အရမ်းများတယ်။ နေ့စဉ်နဲ့အမျှ လူတွေက ကူးသန်းသွားလာပြီးတော့ အလုပ်ရှာနေကြရတယ်။ တချို့ရွာတွေဆိုရင် အဖိုးကြီး၊ အဖွားကြီးပဲ ကျန်ခဲ့တယ်။ လူငယ် တော်တော်များများက ဒီလိုပဲ နယ်စပ်တွေမှာ၊ တခြားဒေသတွေမှာ အလုပ်သွားလုပ်တဲ့ အခါကျတော့။ နောက်တခုက ကျမတို့ မသိဘဲနဲ့ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးတွေလည်း ရှိတယ်ဆိုတော့ အများကြီး ဖြစ်ပျက်နေတယ်လို့ ကျမတို့ အနေနဲ့ ယုံကြည်တယ်။”
ရှမ်းပြည်မြောက်ပိုင်း ဒေသမှာတင် မကဘဲ ကချင်ပြည်နယ်မှာလည်း ဒေသခံ ကချင် တိုင်းရင်းသူလေးတွေ အိမ်နီးချင်း တရုတ်နိုင်ငံထဲ ရောင်းစားခံရမှုတွေ တိုးလာနေတယ်လို့ ကချင်အမျိုးသမီး အဖွဲ့က ခေါင်စိုက်ပန်းက ပြောပါတယ်။ ၂၀၁၀ ကနေ ၂၀၁၁ ခုနှစ် တနှစ်တည်းမှာတင် ကလေးအရွယ် အပါအဝင် ရောင်းစားခံရသူ ၁၃၀ ရှိခဲ့ပြီး ဒီအထဲမှာ ၁၀% က အိမ်ထောင်သည် မိခင်တွေ၊ မိသားစုအတွက် အလုပ်ရှာရင်း ဘဝပါ ဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၀၅ ခုနှစ်မှာ အစိုးရရဲ့ အသက် ၂၅ နှစ်အောက် အမျိုးသမီး တဦးတည်း ခရီးသွားခွင့် မရှိတဲ့ ဥပဒေကြောင့် ကိုယ်မသိတဲ့သူနဲ့ အတူသွားရင်း လူကုန်ကူးခံရတဲ့ သားကောင် ဖြစ်ရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အခုလို လူကုန်ကူးခံရမှုတွေရဲ့ အဓိက တရားခံဟာ နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျရတာကြောင့်လို့ မလွေးအေးနန်းက သုံးသပ်ပါတယ်။
“လူကုန်ကူးမှု ပြဿနာ ဖြစ်နေတာက မြန်မာပြည် တပြည်လုံးမှာ ဖြစ်နေတာပေါ့။ ဥပမာ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ဟာလား၊ အဲဒီလိုဆိုရင် ပလောင်တွေရှိမယ်၊ ရှမ်းတွေရှိမယ်၊ ကချင်တွေရှိမယ်။ ကချင်ကလည်း ဒီ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာလည်း သူတို့ ထုတ်ခဲ့ပြီးပြီ၊ ၂ ခါရှိပြီ။ အဲဒီပြဿနာက အင်မတန် ကြီးမားတဲ့ ပြဿနာ ဖြစ်နေတယ်။ အဓိက ပြဿနာက စီးပွားရေး ချွတ်ခြုံကျမှုကြောင့် ဖြစ်တယ်။ နိုင်ငံရေး စနစ်ကြီးက မကောင်းနေလို့၊ လွတ်လပ်မှုတွေက မရှိနေလို့၊ ပြည်သူလူထုတွေကို ဘက်ပေါင်းစုံကနေ အကုန်လုံး ချိုးနှိမ်ထားတာ ဖြစ်နေတာကြောင့် လူတွေက အသက်ရှင် ရပ်တည်ဖို့တောင် အနိုင်နိုင် ဖြစ်နေတာပေါ့။”
လူကုန်ကူးခံရမှု လျော့နည်းလာစေဖို့ ဖွံ့ဖြိုးမှု နည်းပါးတဲ့ ဒေသတွေက ပြည်သူလူထုတွေကို ပညာပေးဖို့၊ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ အထူးလိုအပ်သလို မြန်မာနိုင်ငံမှာ စီးပွားရေး၊ ပညာရေး တိုးတက်မှုတွေနဲ့ နိုင်ငံရေး တည်ငြိမ်မှုတွေ ရလာအောင် အိမ်နီးချင်း နိုင်ငံတွေကပါ ဝိုင်းဝန်း ကူညီကြဖို့လည်း မေတ္တာရပ်ခံခဲ့ကြပါတယ်။