= = =[ Zawgyi ]= = =
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် မြန်မာခရီးစဉ် ရည်ရွယ်ချက်
အာဆီယံဥက္ကဌဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အကြီးအကျယ်မဖြစ်အောင် သူ့မြန်မာပြည်ခရီးစဉ်ထဲ အဓိကဦးစားပေး လုပ်သွားမယ်လို့ ဆိုပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူချက် ၅ ချက်အပေါ်မှာလည်း နောက်ဆက်တွဲအဖြစ် ဆက်လက်မေးမြန်းလုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီးချုပ် ဟွန်ဆန်က ဖနွမ်းပင်မြို့တော်မှာ ပြောခဲ့ပါတယ်။ ဗွီအိုအေ ခမာဌာန သတင်းထောက် Kimseng Men ရဲ့ သတင်းလွှာနဲ့အတူ အာဆီယံကျွမ်းကျင်သူကိုပါ မေးမြန်းပြီး ကိုဝင်းမင်းက စုစည်း တင်ပြထားပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာပြည်မှာ ပြည်တွင်းစစ်ကြီးအဆင့် မရောက်ရအောင် အဓိကထားရတဲ့အကြောင်းကို အခုလိုရှင်းပြပါတယ်။
“ကျွန်တော့်အနေနဲ့ အဖွဲ့အားလုံးကို အတိုက်အခိုက်တွေရပ်ဖို့ ပထမ တောင်းဆိုပါတယ်။ ဘာလို့လဲဆိုတော့ လူ့အသွေးအသားတွေအတွက်ပါ၊ လူတွေမသေကျေစေဖို့ပါ။ လူတွေ ဒဏ်ရာတွေ မရစေဖို့ပါ” လို့ ပြောသွားတာပါ။
ဒါ့အပြင် ဟွန်ဆန်က ဆက်ပြီး၊ လူသားချင်းစာနာမူဆိုင်ရာ အကူအညီတွေလည်း မြန်မာနိုင်ငံကို ရောက်နေပြီးဖြစ်ပေမဲ့ မဖြန့်ဖြူးနိုင်သေးဖူး၊ ဒါကြောင့် နေရာတိုင်းအတွက် ခွဲခြားကန့်သတ်ချက်မရှိဘဲ ဖြန့်ဖြူးပေးနိုင်ဖို့ လမ်းကြောင်းရှာရဦးမယ်လို့လည်း ထည့်ပြောခဲ့ပါတယ်။
ဒီနေရာမှာ မြန်မာရဲ့ ထူးခြားမူကိုလည်း ဝန်ကြီးချုပ် ဟွန်ဆန်က -
“မြန်မာနိုင်ငံရဲ့ အခြေအနေက သာမန်ရိုးရှင်းတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန်ထက်ကျော်ပြီး လုပ်ဖို့တွေ လိုလာတဲ့အနေအထားပါ” လို့ ပြောသွားတာပါ။
ဒါကြောင့် အခုခရီးစဉ်က တရက်တာ ခရီးစဉ်ဖြစ်ပေမဲ့ အရေးပါတဲ့ဆုံးဖြတ်ချက်ကျနိုင်ဖို့ ဒိထက်ပိုနေဖို့ရှိတယ်၊ ဒါပေမဲ့ အခုခရီးစဉ် မတိုင်ခင်မှာ ဘယ်လို ကောက်ချက်ဆွဲတာမှ မလုပ်စေချင်ဘူး၊ အရမ်းလဲ မျှော်လင့်မထားစေချင်ဘူးလို့ သူ့ခရီးစဉ်ကို မတိုက်ခိုက်ဖို့ သဘောဆက်ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်လိမ့်မယ်လို့ ပြည်ပမှာရောက် မြန်မာနဲ့ကမ္ဘောဒီးယားတွေ ဆန့်ကျင်ဆန္ဒပြခဲ့ ဟွန်ဆန်ရုပ်ပုံတွေမီးရှို.ခဲ့တာအပြင်၊ မြန်မာနိုင်ငံထဲက ကမ္ဘောဒီးယားသံရုံးနားမှာလည်း မကြာခင်က ဗုံးကွဲခဲံတဲ့အပေါ်မှာ ဟွန်ဆန်က -
“အခု အကြမ်းဖက်မူတွေက အစိုးရဖက်ကတင်လာတာမဟုတ်တော့ဘူး၊ ကျွန်တော်တို့ သံရုံးနားတဝိုက် လျှောက်သွားပြီး ဗုံးထောင်ခဲ့တဲ့ ဥပဒေမဲ့ လက်နက်ကိုင်သမားတွေဆီကပါလာနေပြီ၊ သံရုံးမှာကို အရင်လာထောင်တဲ့ဗုံးတလုံးကိုတော့ ကြိုသိပြီး ရှင်းနိုင်ခဲ့တယ်၊ ဒါပေမဲ့ အနားက ဗုံး ၂ လုံးကတော့ ပေါက်သွားခဲ့တယ်” လို့ ထည့်ပြောခဲ့ပါသေးတယ်။
ဒါကြောင့် ဒီကြမ်းဖက်မူအားလုံးကို မဖြစ်မနေ ရပ်တန့်မှ ရမယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က အလေးအနက် ဆက်ပြောခဲ့ပါတယ်။
ပြည်တွင်းပြည်က မြန်မာနဲ့ ကမ္ဘောဒီးယား လူ့အခွင့်အရေးအဖွဲ့တွေ စုပေါင်းပြီး တနင်္လာနေ့က ပူးတွဲ ကြေညာချက်ထုတ်ရာမှာ ဟွန်ဆန် တကိုယ်တော်မဟုတ်ဘဲ နိုင်ငံတကာတခုလုံးပါပြီး အဖြေရှာဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ မြန်မာပြည်သူတွေအနေနဲ့ သူ့ကိုညှိုနှိုင်းခွင့်ပေးပါလို့ ပြန်ပြောခဲ့တာအပြင်၊ ဒါမှမဟုတ်ရင် ပြည်တွင်စစ်ထဲရောက်ချင်နေကြလို့လားလို့ ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။
တချိန်ထဲမှာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကလည်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ဖို့ အခြေအနေအားလုံး ပြည့်စုံနေတယ် လို့ တနင်္လာနေ့ကပဲ ပြောခဲ့တဲ့အပေါ် ဒီပွဲကိုကမကထလုပ်တဲ့အဖွဲ့က အာဆီယံကျွမ်းကျင်သူ မမိုးသူဇာကလည်း -
ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhon အနေနဲ့ပြောခဲ့တာက မမိုးတို့ အင်စတီကျူက နှစ်စဉ်အာဆီယံအလှည့်ကျတာဝန်ယူတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို နှစ်စဉ်ဖိတ်ကြားပြီးတော့မှ အာဆီယံလက်ချာဆိုတဲ့ဆွေးနွေးပွဲမှာ သူရဲ့သုံးသပ်ချက်က အမေးအဖြေကဏ္ဍမှာ သူပြောသွားတာပါ။ သူရဲ့စာကိုယ်ထဲမှာကတော့ ပြောသွားခြင်းမရှိပေမယ့် အမေးအဖြေကဏ္ဍမှာတော့ သူအမြင်သဘောထားသူသုံးသပ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဆိုတဲ့သဘောထားက လွတ်လပ်ရေးရပြီးတော့ သိပ်မကြာဘူး မငြိမ်မသက်တဲ့ သဘောထားတွေကတော့ နှစ် ၇ဝ ကျော်ခဲ့ပြီဆိုတာကတော့ မြန်မာပြည်သူတွေ လက်တွေ့သိကြပါတယ်။ သူတို့မြင်တာကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေ ကို ပြည်တွင်းစစ်ဆိုတဲ့စကားအသုံးအနှှုန်းကို သုံးခဲ့တယ်ဆိုပေမယ်လည်း ပကတိအခြေအနေကို ပြည်သူတွေကသိပါတယ်။
တကယ်တော့ နိုင်ငံခြားရေးဝန်ကြီး Prak Sokhon အနေနဲ့ အာဆီယံအလှည့်ကျဥက္ကဌတွေကို နှစ်စဉ်ဖိတ်တဲ့ဒီပွဲမှာ လုံခြုံရေးအဓိကအချက်ထဲ ပုံမှန်တောင်တရုတ်ပင်လယ်ပြဿနာအပြင် မြန်မာပြဿနာကလည်း ဒေသတွင်းကို ရိုက်ခတ်လာနေပြီလို့ ထည့်ပြောခဲ့ပါတယ် ခင်ဗျာ။
Your browser doesn’t support HTML5
= = ={ Unicode }= = =