ထိုင်ဝမ် အပမ်းဖြေဥယျာဉ်မီး ဒဏ်ရာရသူ ၅၀၀ ကျော်

အပမ်းဖြေဥယျာဉ်မှာ လောင်တဲ့မီးကြောင့် ဒဏ်ရာရသူတွေ။ (ဇွန် ၂၇၊ ၂၀၁၅)

စနေနေ့ညပိုင်းမှာ ထိုင်ဝမ်မြို့တော် ထိုင်ပေက ရေကစား အပမ်းဖြေဥယျာဉ် အတွင်း မီးလောင်ခဲ့တာကြောင်း လူပေါင်း ၅၀၀ လောက်ဒဏ်ရာရသွားပြီး အဲဒီထဲက ၂၀၀ နီးပါးလောက်ကတော့ ဒဏ်ရာပြင်းထန်ပါတယ်။

စတိတ်ရှိုးစင်မြင့်ပေါ်ကနေ ရောင်စုံပေါင်ဒါတွေကို ကျဲချတဲ့အချိန်မှာ မီးလောင်မှုဖြစ်ပါွးခဲ့ပြီး လူအများစုရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီဂီတဝိုင်းကိုလာကြည့်ကြတဲ့ လူငယ် တထောင်လောက်ဟာ ကခုန်နေကြပါတယ်။

မီးလောင်မှုကြောင့် ဒဏ်ရာရသူတွေကို Formosa ဥယျာဉ်ကနေ အပြင်ကို သယ်ထုတ်လာခဲ့ကြပြီး တချို့ကလည်း အဲဒီဒဏ်ရာက အနာသက်သာအောင် ရေလောင်းပေးကြပါတယ်။ ထိုင်ဝမ်ဝန်ကြီးချုပ် Mao Chih-kuo က အများပြည်သူကြား အခုလို ရောင်စုံပေါင်ဒါတွေသုံးတာကို တားမြစ်လိုက်သလို ထိုင်ဝမ်သမ္မတ Ma Ying Jeou ကလည်း ဒဏ်ရာရသူတွေကို ဆေးရုံးမှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဟောင်ကောင်က ၄ ဦး၊ တရုတ်ပြည်မကြီးက ၂ ဦးနဲ့ မကာအို၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူတို့က တဦးစီ ဒဏ်ရာရသူတွေထဲ ပါဝင်ပါတယ်။ တခြား နိုင်ငံခြားသား ၃ ဦးကတော့ ဘယ်နိုင်ငံကလဲ ဆိုတာမသိရပါဘူး။ မီးလောင်မှုကိုတော့ မြန်မြန်ဆန်ဆန် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ ထိုင်ဝမ်သတင်းတွေမှာ ဖေါ်ပြပြီး အခုအခါမှာ ဒီ မီးလောင်မှုဖြစ်ပါွးတာနဲ့ ပတ်သတ်လို့ စုံစမ်းစစ်ဆေးနေပါတယ်။

ရဲတွေက ပေါင်ဒါတွေ ကျဲချခဲ့တဲ့ ဥယျာဉ်ဝန်ထမ်း ၂ ဦး၊ အဲဒီ ဂီတပွဲကျင်းပသူနဲ့၊ တခြားဝန်ထမ်း ၂ ဦးကို စစ်ဆေးမေးမြန်းနေပြီး သူတို့အနေနဲ့ အများပြည်သူကြား အထိတ်တလန့်နဲ့ ဒဏ်ရာရစေမှုတို့အတွက် တရားစွဲဆိုခံရနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်ခင်ဗျာ။