ကမ္ဘောဒီးယား ဆိုက်ဘာရာဇ၀တ်လုပ်ငန်းတွေထဲက အိန္ဒိယနိုင်ငံသား ၂၅၀ ကျော် ကယ်တင်နိုင်ခဲ့

ကမ္ဘောဒီးယားမှာ ဆိုက်ဘာအွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသော တရုတ်များကို ဖမ်းဆီးပြန်ပို့ (ဓါတ်ပုံဟောင်း)

ကမ္ဘောဒီးယားမှာ ဆိုက်ဘာအွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်နေသော တရုတ်များကို ဖမ်းဆီးပြန်ပို့ (ဓါတ်ပုံဟောင်း)

ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်ဝင်ဖို့ သွေးဆောင်ခံရပြီး ဆိုက်ဘာအွန်လိုင်းလိမ်လည်မှုမှာ အတင်းအကြပ် စေခိုင်းခံနေရတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ အိန္ဒိယသံရုံးကနေ ကမ္ဘောဒီးယားအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး လွန်ခဲ့တဲ့သုံးလအတွင်း အိန္ဒိယနိုင်ငံသား ၂၅၀ လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က စနေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီးယားမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၅,၀၀၀ ကျော်ရှိနေပြီး ဆိုက်ဘာအွန်လိုင်း လိမ်လည်မှုမျာ အတင်းအကြပ် စေခိုင်းခံနေရကြောင်း အိန္ဒိယနိုင်ငံ သတင်းဌာနတွေက ဖေါ်ပြခဲ့ကြတာပါ။

အိန္ဒိယအစိုးရရော ကမ္ဘောဒီးယားမှာရှိတဲ့ သူတို့ သံရုံးကပါ ဆိုက်ဘာရာဇ၀တ်ဂိုဏ်းတွေရဲ့ လိမ်လည်ပြီး အလုပ်ခေါ်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ အများပြည်သူသိအောင် သတိပေးချက်တွေ ထုတ်ပြန်ထားကြောင်း အိန္ဒိယ နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။