တူနီးရှားအစိုးရ ခြိုးခြံရေးအစီအစဉ် ကန့်ကွက်ဆန္ဒပြသူ ၅၀၀ ကျော် အဖမ်းခံရ

တူနီးရှား နိုင်ငံမှာ အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေ အပေါ် အကြမ်းဖက် ဆန့်ကျင်မှု။

အာဖရိက မြောက်ပိုင်း နိုင်ငံ တခုဖြစ်တဲ့ တူနီးရှား နိုင်ငံမှာ အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေ အပေါ် အကြမ်းဖက် ဆန့်ကျင်မှုအတွင်း လူပေါင်း ၅၀၀ ကျော် ဖမ်းဆီးထားကြောင်း အာဏာပိုင်တို့က ပြောဆိုပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့ တနေ့တည်းမှာတင် လူပေါင်း ၃၀၀ ကျော် ဖမ်းဆီးခဲ့တာလို့ အာဏာပိုင်တို့က ပြောပါတယ်။ အခွန် ထပ်တိုးကောက်တာကို အစိုးရရဲ့ ဘတ်ဂျက်သစ်ထဲကို ထည့်တဲ့ အပေါ် တုံ့ပြန်တဲ့ ပြီးခဲ့တဲ့ တနလာၤနေ့က စခဲ့တဲ့ ဆန္ဒပြပွဲတွေကို ထိန်းချုပ်နိုင်ဖို့ မြို့အတော်များများမှာ လုံခြုံရေး တပ်ဖွဲ့တွေ ချထားပါတယ်။

ဒီသတင်းပတ် အစောပိုင်းတုန်းက တူနီးရှား နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား ဒေသ Djerba ကျွန်းက ဂျူး စာသင်ကျောင်းတခုထဲကို ဆန္ဒပြသူတွေက လောင်စာဆီသုံး လက်လုပ်ဗုံးတွေနဲ့ ပစ်သွင်းခဲ့ကြပါတယ်။ အာဏာရှင် Zine El Abindine Ben Ali ကို ၂၀၁၁ ခုနှစ်မှာ ဖြုတ်မချနိုင်ခင် ကာလရှည်ကြာခဲ့တဲ့ အဂတိလိုက်စားမှု ၊ နောက် အလုပ်လက်မဲ့ များပြားမှုတွေကြောင့် တူနီးရှားနိုင်ငံကို အကြပ်ရိုက်စေတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ အာဏာရှင် Zine El Abindine Ben Ali ကို ရာထူးက ဖယ်ရှားပစ်နိုင်ခဲ့တဲ့ တူနီးရှား လှုပ်ရှားမှုက မြောက် အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတလွှားမှာပါ ထင်ရှားတဲ့ အာရပ်နွေဦး လှုပ်ရှားမှုကြီးကို အစပျိုးပေးခဲ့တာ ဖြစ်ပါတယ်။ အမြစ်တွယ်နေတဲ့ အာဏာရှင် ခေါင်းဆောင်တွေကို ပြည်သူတွေ ဆန့်ကျင်ခဲ့ကြတဲ့ အဲဒီနိုင်ငံတွေထဲမှာ တူနီးရှား နိုင်ငံ တခုတည်းသာ ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် ကူးပြောင်းခဲ့နိုင်တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တူနီးရှားအစိုးရ ခြိုးခြံရေးအစီအစဉ် ကန့်ကွက်ဆန္ဒပြသူ ၅၀၀ ကျော် အဖမ်းခံရ