လူ ၅၀၀ တင်ဆောင်တဲ့ ဂရိ ကူးတို့သင်္ဘော မီးလောင်

ခရီးသည် ၅၀၀ နီးပါးတင်ဆောင်ထားတဲ့ Norman Atlantic ကူးတို့သင်္ဘော ဂရိကမ်းရိုးတန်းမှာ မီးလောင်နေစဉ်။

ဂရိနိုင်ငံကမ်းရိုးတန်းမှာ မီးလောင်နေတဲ့ ကူးတို့သင်္ဘောပေါ်မှာကျန်နေတဲ့ ခရီးသည်ရာနဲ့ချီဟာ ကယ်ဆယ်ရေးလုပ်သားတွေက လေပြင်းတိုက်ခတ်နေတဲ့ ပင်လယ်ပြင်မှာ မီးငြိမ်းသတ်ဖို့ ကြိုးစားနေရတဲ့ တချိန်တည်းမှာပဲ သူတို့ကိုလည်း အမြန်ဆုံး ကယ်ထုတ်ဖို့ တောင်းပန်နေကြပါတယ်။

ခရီးသည် ၅၀၀ နီးပါး ပါတဲ့ ဒီ Norman Atlantic ကူးတို့ သင်္ဘောပေါ်က ခရီးသည် ၁၅၀ လောက်ကိုပဲ လောလောဆယ် ကယ်ဆယ်နိုင်သေးတာ ဖြစ်ပါတယ်။ သင်္ဘောပေါ်မှာ ကျန်နေသေးတဲ့ ခရီးသည်အများအပြားက လက်ကိုင်ဖုန်းတွေကိုသုံးပြီး သူတို့ကို အမြန်ဆုံးကယ်တင်ပါလို့ အကူအညီ တောင်းပန်နေကြတာ ဖြစ်ပါတယ်။

Norman Atlantic ကူးတို့သင်္ဘောဟာ သင်္ဘောကုန်းပတ်နောက်ပိုင်း စတင်မီးလောင်ခဲ့ပြီးတဲ့နောက် အချက်ပြ သတိပေးသံထွက်လာချိန်မှာ Corfu ကျွန်း အနောက်မြောက်ဘက် မိုင် ၅၀ အကွာလောက်မှာ ရှိနေခဲ့တာပါ။ ဒီကူးတို့သင်္ဘောဟာ ဂရိနိုင်ငံအနောက်ပိုင်း Patras မြို့ကနေ အီတလီနိုင်ငံ အရှေ့ပိုင်းက Ancona မြို့ကို ထွက်ခွာနေချိန် ဖြစ်ပါတယ်။

ထိခိုက်သေကြေပျက်စီးမှု ဘယ်လောက်ရှိသလဲဆိုတာ သေချာမသိရသေးသလို ဆောင်းရာသီကာလ အေးစက်နေတဲ့ ပင်လယ်ရေထဲကို ခရီးသည်တွေ ကျသွားခဲ့တာရှိသလား ဆိုတာလည်း မသိရသေးပါဘူး။ အခင်းဖြစ်ပွားတဲ့နေရာကို ကူညီကယ်ဆယ်ရေးသင်္ဘောတွေ အတော်များများ အလျင်အမြန် ရောက်လာခဲ့ကြသလို ရဟတ်ယာဉ်တွေနဲ့ ရှာဖွေ ကယ်ဆယ်ရေး ထောက်ပံ့ယာဉ် C-130 လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။