ဟာရီကိန်း Florence ကန်အရှေ့ဘက်ကမ်းခြေ ဝင်ရောက်တိုက်ခတ်

မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ Wilmingtonမြို့ Florence မုန်တိုင်းမြင်ကွင်း

Florence ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မြောက်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်းကို စတင်ရောက်ရှိလာပါပြီ။ မုန်တိုင်းဟာ ဒီနေ့အစောပိုင်းမှာ မုန်တိုင်းဟာ လေတိုက်နှုန်း တနာရီ ၁၀၉ ကီလိုမီတာအထိ ရှိနေကြောင်းလည်း အမေရိကန် အမျိုးသား သမုဒ္ဒရာနဲ့ လေထုဆိုင်ရာဌာန (NOAA) ကပြောဆိုခဲ့တာပါ။ Florence ဟာရီကိန်းကို အခုအခါ ပြင်းအားအဆင့် ၁ ရှိတဲ့ မုန်တိုင်းအဖြစ် အဆင့်လျှော့ချလိုက်ပေမဲ့လည်း ထိခိုက်ပျက်စီးနိုင်တဲ့အထိ အန္တရာယ်ရှိနေဆဲ ဖြစ်ကြောင်းလည်း မိုးလေဝသ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး Roy Cooper ကတော့ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးမားနိုင်ကြောင်း သတိပေးထားတာပါ။ Florence ဟာရီကိန်း စတင်ဝင်ရောက်လာချိန်မှာပဲ မြောက်ကယ်ရိုလိုင်းနားမှာ လျှပ်စစ်မီး ပြတ်တောက်မှုကြုံရသူ ၃ သိန်း ၂ သောင်း ၁ ထောင်လောက် ရှိနေပြီ ဖြစ်ကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ သမိုင်းဝင် New Bern မြို့မှာလည်း အိမ်တွေထဲ ရေတွေဝင်လာနေတဲ့အတွက် အရေးပေါ် ကယ်ဆယ်ရေး အကူအညီ တောင်းခံတဲ့ တယ်လီဖုန်း ဆက်သွယ်မှု ၁၅၀ ကျော် ရှိခဲ့ကြောင်းလည်း ဒေသခံ အာဏာပိုင်တွေက ပြောဆိုခဲ့ကြတာပါ။ အကူအညီ လိုသူတွေကို ပြည်ထောင်စု အရေးပေါ်ကယ်ဆယ်ရေးဌာန (FEMA) က ကယ်ဆယ်ရေးတွေ ကူညီဖို့ အသင့်ရှိနေကြောင်း ပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။ အရေးပေါ် အကူအညီ စောင့်ဆိုင်းနေချိန်မှာ နေအိမ်အမြင့်ပိုင်းမှာ ပြောင်းရွှေ့နေကြဖို့ သတိပေးထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးသက်လေပြင်းတွေနဲ့အတူ မုန်တိုင်းအဖျားပိုင်းဟာ မနေ့ကစပြီး မြောက်ကယ်ရိုလိုင်းနားနဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်း ဒေသတွေကို စတင်ဝင်ရောက်လာခဲ့တာပါ။ အမျိုးသား ဟာရီကိန်းမုန်တိုင်းဌာနကတော့ Florence ဟာရီကိန်းဟာ မြောက်ကယ်ရိုလိုင်းနား ကမ်းရိုးတန်းကို ဝင်ရောက်လာချိန်မှာ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ အင်အားပြင်းတဲ့အကြောင်း မနေ့နှောင်းပိုင်းမှာပဲ ပြောဆိုထားပါတယ်။ နောက်ပိုင်းရက်တွေမှာ ရေကြီးနိုင်တဲ့ အန္တရာယ်ရှိနေကြောင်းလည်း သတိပေးထားတာပါ။ တနာရီ ၉ ကီလိုမီတာနှုန်းနဲ့ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဖြည်းဖြည်းချင်း ဝင်ရောက်လာနေတဲ့အတွက် မိုးအကြီးအကျယ် ရွာသွန်းပြီး ရေကြီးနိုင်တဲ့ အန္တရာယ်ကိုလည်း မိုးလေဝသ ကျွမ်းကျင်သူတွေ စိုးရိမ်နေကြပါတယ်။ မုန်တိုင်းကြောင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ မိုးရေချိန် ၁၀၁ စင်တီမီတာအထိ ရွာသွန်းနိုင်သလို၊ အိမ်တော်တော်များများလောက် အမြင့်ရှိတဲ့ ၄ မီတာလောက်အထိ ရေတက်နိုင်တယ်လို့လည်း ခန့်မှန်းထားကြတာပါ။ မုန်တိုင်းကြောင့် လေဆင်နှာမောင်းတွေ ဖြစ်ပေါ်နိုင်တဲ့ အလားအလာတွေလည်း ရှိနေပါတယ်။

Your browser doesn’t support HTML5

ဟာရီကိန်း Florence ကန်အရှေ့ဘက်ကမ်းခြေ ဝင်ရောက်တိုက်ခတ်