အားလျော့သွားပေမဲ့ Helene မုန်တိုင်း အန္တရာယ် စိုးရိမ်ရဆဲ

အင်အားပြင်း Helene ဟာရီကိန်းမုန်တိုင်း Florida ကိုမဝင်ရောက်မီ တွေ့ရတဲ့ဒေသခံတဦး (စက်တင်ဘာ ၂၇၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု Florida ပြည်နယ်ကို ကြာသပတေးနေ့ညပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း Helene ဟာရီကိန်းမုန်တိုင်းဟာ ဒီနေ့သောကြာနေ့မှာ မုတ်သုန်မုန်တိုင်းအဖြစ် အားလျော့သွားပေမဲ့ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေ သတိပေးထားပါတယ်။

Florida ပြည်နယ်ကနေ အထက်ဘက် Georgia ပြည်နယ်ကိုရွေ့လျား တိုက်ခတ်နေတဲ့ မုန်တိုင်း လမ်းကြောင်းတလျှောက် သေစေနိုင်လောက်တဲ့ အခြေအနေရှိနေတုန်းပဲလို့ အမေရိကန်အမျိုးသားဟာရီကိန်းစင်တာက သတိပေးထားပါတယ်။ ၁၀ ပေထက်မနည်း လှိုင်းကြီး၊ ရေကြီး၊ လေပြင်းတိုက်ခတ်မှုတွေ ဆက်ဖြစ်နေတယ်လို့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။

Florida ပြည်နယ်ကို မုန်တိုင်းဝင်ခဲ့စဉ်က ၁ ဦိးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ Florida ဟာရီကိန်း အင်အားပြင်း အဆင့် ၄ နဲ့ Tampa မြို့ကို ဝင်နေချိန်က ကြုံရတဲ့ အခြေအနေကို ဒေသခံတယောက်က VOA ကို ပြောပါတယ်။

"ဒီမှာက မနေ့ကတည်းက ကျောင်းတွေပိတ်ထားတယ်၊ လေဆိပ်လည်းပိတ်ထားတယ်၊ စတိုးဆိုင်တွေလည်း ကြိတ်ကြိတ်တိုးဝယ်ရတယ်။ ရေကအဓိကပေါ့၊ မဖြစ်မနေပြောင်းရွှေ့ရမဲ့အနိမ့်ပိုင်းဒေသမှာရှိတဲ့သူတွေအတွက် shelter ရှိတဲ့နေရာတွေကိုလူအကုန်ပြောင်းဖို့၊ အိမ်မွေးတိရိစ္ဆာန်တွေပါသယ်သွားဖို့ မရှိမဖြစ်ပစ္စည်းတွေနဲ့ဆေးဝါးတွေပါ ဖုန်းကတဆင့် message ပေးတယ်၊ တကယ်လို့ shelter တွေသွားဖို့ အခက်အခဲရှိရင် Free Uber ပေးတယ်။ ခရိုင်အားလုံး ၆၀ ကျော်ရှိတယ်။ ခရိုင်အားလုံးနီးပါးမှာ Uber free ပေးသုံးထားတယ်"

မုန်တိုင်းကြောင့် Florida ပြည်နယ်တချို့နေရာတွေမှာ ရေတွေကြီးနေပါတယ်။ လက်ရှိ မုန်တိုင်းဖြတ်နေတဲ့ Georgia ပြည်နယ်မှာတော့ အစောပိုင်းက လေဆင်နှာမောင်းကြောင့် ၂ ယောက်သေဆုံးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေး Brian Kemp ကပြောပါတယ်။ လေပြင်းကြောင့် မီးကြိုးတွေပြတ်၊ ဆိုင်းဘုတ်တွေ ပြုတ်ထွက် လွင့်စင်ခဲ့ပါတယ်။ Florida ပြည်နယ်၊ Georgia ပြည်နယ်နဲ့ မုန်တိုင်းလမ်းကြောင်းပေါ်မှာရှိနေတဲ့ တောင်နဲ့ မြောက် Carolina ပြည်နယ်တွေမှာ လူပေါင်း ၂ သန်းလောက် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေကြပါတယ်။

Your browser doesn’t support HTML5

အားလျော့သွားပေမဲ့ Helene မုန်တိုင်း အန္တရာယ် စိုးရိမ်ရဆဲ