နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲ အီရန်နိုင်ငံသွားမည်

အီရန်ရဲ့ နျူကလီးယားအဖွဲ့ အကြီးအကဲ Mohammad Eslami နဲ့ IAEA အကြီးအကဲ Rafael Grossi တို့ Vienna မှာ တွေ့ဆုံစဉ်

အီရန်ရဲ့ နျူကလီးယားအဖွဲ့ အကြီးအကဲ Mohammad Eslami နဲ့ IAEA အကြီးအကဲ Rafael Grossi တို့ Vienna မှာ တွေ့ဆုံစဉ်

ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲဟာ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် အီရန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ နောက်နေ့မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ အီရန်နိုင်ငံပိုင်သတင်းက ဒီကနေ့ပဲ ဖော်ပြလိုက်ပါတယ်။

အီရန်ရဲ့နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ အငြင်းပွားစရာ ဖြစ်နေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ မကြာခင် အီရန်နိုင်ငံကို သွားကောင်းသွားမယ်လို့ IAEA အကြီးအကဲ Rafael Grossi ကလည်း ပြောဆိုထားတာပါ။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ သဘောတူညီချက်ကနေ နုတ်ထွက်ထားတဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း IAEA အကြီးအကဲက ပြောပါတယ်။

အီရန်နိုင်ငံနဲ့ IAEA ကြား ကာလကြာရှည် မပြေမလည်ဖြစ်နေတဲ့ ကိစ္စတွေထဲမှာတော့ ယူရေနီယံ သန့်စင်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူ စုံစမ်းစစ်ဆေးရေးမှူးတွေကို အီရန်က လက်မခံတာ၊ တရားဝင်ထုတ်ပြန် ကြေညာထားခြင်းမရှိတဲ့ နေရာတွေမှာ ယူရေနီယံဓာတ်သတ္တိတွေ စစ်ဆေးတွေ့ရှိမှုအတွက် နှစ်နဲ့ချီ အီရန်က ရှင်းမပြနိုင်တာတွေလည်း ပါဝင်ပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံတွေနဲ့ ၂၀၁၅ ခုနှစ်က သဘောတူညီချက် ရရှိခဲ့ပေမဲ့ အမေရိကန်မှာ သမ္မတထရမ့်လက်ထက် သဘောတူညီချက်က နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်ကစ အီရန်က နျူကလီးယားလုပ်ငန်းတွေ အရှိန်မြှင့်ခဲ့တာပါ။