စစ်ကောင်စီလက်ချက်နဲ့ ချင်းလူမျိုး ၁၆၀ ကျော်သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ထုတ်ပြန်

ICA ချင်းရေးရာအဖွဲ့

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၁ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁၁ လအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ သေဆုံးသူ ချင်းလူမျိုး ၁၆၀ ကျော်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် Instituteof Chin Affairs(ICA) ကနေကြေညာချက် ထုတ်ပြန်ပါတယ်။ မတူပီမြို့နယ်ထဲမှာ မကြာခင်ရက်ပိုင်းကပဲ စစ်ကောင်စီတပ်တွေဖမ်းဆီးသွားတဲ့ ရွာသား ၁၀ ယောက်ရဲ့ အလောင်းကို တွေ့ခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်း ဖမ်းဆီးခံရမှု သတ်ဖြတ်ခံရမှုအခြေအနေတွေ ရန်ကုန်က သတင်းရေးသားပေးပို့တာကို ကိုသားညွန့်ဦးက တင်ပြပေးပါတယ်။

ချင်းပြည်နယ်အပါအဝင် ချင်းလူမျိုးတွေ အခြေပြုတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် ၂၀၂၁ ကနေ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၁၁ လအတွင်းမှာ သေဆုံးသူ ချင်းလူမျိုး၁၆၃ ယောက်ရှိတယ်လို့ စစ်တန်းကောက်ယူထားတဲ့ ချင်းရေးရာအဖွဲ့ချုပ် Institute of Chin Affairs က စာရင်းထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းခဲ့ပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုတွေကစလို့ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်တဲ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးရသူတွေဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျမတို့ ဒီ ICA ကနေပြီးတော့ပေါ့နော်။ အာဏာသိမ်းပြီး (၂၀၂၁) ခုနှစ်အတွင်း ဖေဖော်ဝါရီလကနေ ဒီဇင်ဘာအထိပေါ့။ကျမတို့ ဒီ ချင်းပြည်နယ်အပြင်ကို တခြားဒေသကြီးတွေမှာရှိတဲ့ ချင်းတိုင်းရင်းသားပေါ့နော်-အကုန်လုံးပေါင်းလိုက်တာပေါ့။ (၁၆၀) ကျော် စစ်ကောင်စီကြောင့်သေဆုံးတယ်ဆိုပြီးတော့ ထုတ်ပြန်လိုက်တာပေါ့။ ကျမတို့ ရရှိထားတဲ့စာရင်းပေါ့နော်။ ကျမတို့ရဲ့ Re source Person ကပေးတဲ့စာရင်းတွေပေါ့နော်။ တကယ့်မြေပြင်မှာက ဒီထက်များတာလည်း ရှိတယ်။ ပထမဆုံးဆန္ဒပြတာ သပိတ်မှောက်တာကို စကစကနေအကြမ်းဖက်ဖြိုခွဲလို့ သေဆုံးတဲ့သူတွေပေါ့နော်။ ရပ်ရွာတွေထဲမှာ စကစတွေဝင်လာလို့ စကစကနေပစ်သတ်လို့ သေတာရှိမယ်။ လူနေတဲ့ရပ်ကွက်တွေထဲမှာ လက်နက်ကြီးထိလို့ သေဆုံးတာတွေရှိမယ်။ တချို့ကျတော့ စစ်ဘေးရှောင်ရင်းနဲ့ အဟာရပြတ်လတ်တာပေါ့နော်။ တောထဲတောင်ထဲကဟာတွေ ဆေးဝါးမလုံလောက်လို့ပေါ့နော်။ မိုင်းထောင်ထားလို့ မိုင်းနင်းမိပြီးသေဆုံးတာတွေရှိမယ်။ နောက် တခုကကျတော့ ဖမ်းဆီးနှိပ်စက်တာပေါ့နော် ။ သေဆုံးတာတွေရှိမယ်။ တချို့ဆိုအလောင်းတောင်ပြန်မရတဲ့ဟာတွေရှိတာပေါ့နော်။ နောက်ပြီးတော့မှ မီးရှို့သတ်ဖြတ်ခံရတာပေါ့နော်။”

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၇ ဦးအပါအဝင် အရပ်သားပြည်သူ ၈၇ ဦးနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၇၆ ဦးပါဝင်တယ်လို့ပြောပါတယ်။ အဲဒီထဲမှာ မီးရှို့မှုကြောင့်သေဆုံးသူ ၇ ဦးနဲ့ အလောင်းပြန်မရတဲ့ အရပ်သား ၈ ဦးတို့ပါဝင်တယ်လို့လည်း ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့မပက်သက်တဲ့အရပ်သားပြည်သူတွေအပေါ် ပစ်မှတ် ထားပြီး သတ်ဖြတ်နေတာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ICA ပြန်ကြားရေး တာဝန်ခံက ဆက်ပြောပါတယ်။

“ဖမ်းဆီးပြီးတော့မှသတ်ဖြတ်တာပေါ့နော်။ နှိပ်စက်ပြီးမှ သတ်ဖြတ်တဲ့သဘောဖြစ်နေတဲ့အတွက်ကြောင့် ကျမတို့က ဒါလူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ပြစ်မှုတွေဖြစ်တယ်။ ဆိုပြီးမှတော့ပြောချင်တာပေါ့နော်။ စကစရဲ့လုပ်ရပ်အပေါ်မှာလည်း ကျမတို့ရှုတ်ချတယ်။ ”

စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ကိုလည်း ချင်းရေးရာအဖွဲ့ချုပ် က တောင်းဆိုထားပါတယ်။

ဇန်နဝါရီ ၉ရက် တနင်္ဂနွေနေ့ ညနေကလည်း ချင်းပြည်နယ်ဖလမ်းမြို့နယ်ထဲမှာ တောင်ယာပြန် အရပ်သား ၅ ဦးကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံသူရွာသား ၅ ဦးထဲက ၂ ဦးပြန်လွတ်လာပေမဲ့ ကျန်တဲ့ ၃ ဦးက လွတ်မလာသေးဘူးလို့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့ပေါ့ (စစ်တပ်)။ ဝေဘူလကနေထွက်လာတော့ သူတို့ အဲဒီတောင်ယာကထွက် လာတဲ့သူ (၅) ယောက်ကို ဖမ်းသွားတယ်။ အဲဒီ (၅) ယောက်ကို လမ်းကြောင်းပြခိုင်ပြီး လူသားဒိုင်း ပုံစံမျိုးနဲ့ ခေါ်သွားတယ်။ နှစ်ယောက်တော့ပြန်လွတ်လာပြီးလို့ပြောတယ်။ ကလေးနှစ်ယောက်တော့။ ဇာအုံတို့အဲဒီအနီးနားတဝိုက်က ရွာသားတွေဖြစ်နေတယ်။”

အခုလို စစ်တပ်ကနေ အရပ်သားတွေကို လူသားဒိုင်းအဖြစ်သုံးဖို့ ဖမ်းဆီးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်တပ်အနေနဲ့ ဒါမျိုးတွေမလုပ်ဘူလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြင်းဆန်ထားပါတယ်။

“စွပ်စွဲချက်တွေကတော့ သိပြီးဖြစ်မှာပါ။ ကျနော်တို့အနေနဲ့ကတော့သာမန်အပစ်မဲ့ရွာသား ဖမ်းဆီးစရာလည်း အကြောင်းမရှိဘူး။ သူတို့ PDF အဖွဲ့များအနေနဲ့သာ မြို့ထဲ မှာရော ရပ်ထဲရွာထဲမှာရော အရပ်ဝတ်နဲ့ ရွာသူရွာသား၊ မြို့သူမြို့သားတွေကို အကာကွယ်ယူပြီးတော့ ကျနော်တို့ကို တိုက်ခိုက်နေတာမျိုးပဲ ဖြစ်ပါတယ်။”

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ မတူပီမြို့နယ်မှာလည်း သတ်ဖြတ်ခံရတဲ့အလောင်း ၁၀ လောင်းကို တနင်္ဂနွေနေ့ တေ့ွရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့တုန်းကစစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတဲ့ မတူပီမြို့နယ် ငလိုင်၊ ကီလှုန်း၊ လုံလှော စတဲ့ကျေးရွာတွေက ရွာသားတွေဖြစ်တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ CDF တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သေဆုံးသူတွေဟာ တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ CDF အဖွဲ့ဝင်တွေဖြစ်တယ်ဆိုပြီး ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

သေဆုံးသူ ၁၀ ယောက်ထဲမှာ Khonumthungချင်းသတင်းဌာနမှာ အယ်ဒီတာချုပ် တာဝန်ယူခဲ့သူ Pu Tuidim လည်း ပါဝင်နေပါတယ်။ Pu Tuidim ဟာ သတင်းဌာနကနေအနားယူခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘက်ကို တိမ်းရှောင်ခဲ့တာပါ။ မီဇိုရမ်ကနေ ချင်းပြည်နယ် မတူပီဘက်အပြန်မှာ သေဆုံးခဲ့တာလို့ Khonumthung ချင်းသတင်းဌာန အယ်ဒီတာကိုရောဘတ်က ပြောပါတယ်။

“ကို Tuidim က မတူပီမှာ ၆ ရက် ၇ ရက်နေ့တုန်းက အဖမ်းခံရတဲ့အထဲမှာသူပါတယ်။ သူက အိန္ဒိယဘက်ကို မီဇိုရမ်ဘက်ကနေ သူမတူပီဘက်ကိုပြန်ဝင်လာတဲ့အချိန်မှာ အဖမ်းခံရတယ်လို့ ပြောပာတယ်။ မတူပီကအဲဒီအလောင်း ၁၀ လောင်းထဲမှာ ကို Tuidim ရဲ့အလောင်းကပါသွားပြီ။ CDF မတူပီရဲဘော်တွေက သူတို့ကို မီးသဂြိုဟ် လိုက်ပြီးပေါ့နော်။ သူက Khonumthung သတင်းဌာနကို စတည်ထောင်တဲ့အထဲမှာပါတယ်လေ။ ပြီးတော့ အယ်ဒီတာချုပ်နဲ့ တော်တော် နှစ်ပေါင်းများစွာသူလုပ်ခဲ့တာပေါ့နော်။ ဒီနောက်ပိုင်းမှာတော့သူ ကျနော်တို့Khonumthung မှာတော့ မလုပ်တော့ဘူးပေါ့နော်။”

စစ်တပ်ကနေ အာဏာသိမ်းခဲ့ပြီးနောက် ချင်းပြည်နယ်အပြင် ချင်းလူမျိုးတွေနေထိုင်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်မှာ ဒေသခံတွေက လက်နက်စွဲကိုင် ဆန့်ကျင် ခုခံ တော်လှန်မှုတွေ စတင်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ချင်းပြည်နယ်ထဲမှာ ၂၀၂၁ ခုနှစ်အောက်တိုဘာလ ပထမပတ်ကစပြီး စစ်ကောင်စီတပ်တွေကနေ အနော်ရထာစစ်ဆင်ရေးအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲနဲ့ စစ်ရေးပဋိပက္ခအတွင်း ဒေသခံတသိန်းလောက် နေရပ်စွန့်ခွါပြီး စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

========

[[Unicode]]


















#MyanmarViolence #ChinStateConflict #MyanmarArrest #VOABurmese

=======