ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် မောင်းထုတ်ခံရတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး ICC က စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ရှေ့နေချုပ် Fatou Bensouda က တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် လူ့အခွင့်ရေးအဖွဲ့တွေဖြစ်တဲ့ Human Rights Watch ၊ Amnesty International နဲ့ MSF နယ်စည်းမခြားဆေးပညာရှင်များအဖွဲ့တို့လို ယုံကြည်စိတ်ချရတဲ့ အဖွဲ့တွေရဲ့ အစီရင်ခံစာတွေကို ICC ရုံးကပြန်လည်သုံးသပ်ရာမှာ ၂၀၁၇ သြဂုတ်လ ကစပြီး မြန်မာနိုင်ငံကနေ ရိုဟင်ဂျာ ၆သိန်း ၇ သောင်းကျော်ဟာ နယ်စပ်ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ရည်ရွယ်ချက်ရှိရှိ နှင်ထုတ်ခဲ့တယ်ဆိုတာ တွေ့ခဲ့ရတယ်လို့ ဧပြီလ ၉ ရက်နေ့ ICC ကို တင်သွင်းတဲ့ သူမရဲ့ လျှောက်ထားချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်ရေးကော်မရှင်နာမင်းကြီးက ရိုဟင်ဂျာပြဿနာဟာ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားတဲ့ နမူနာတခု အဖြစ်ပြောဆိုခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကလည်း ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအထိ ကျုးလွန်ရာရောက်နိုင်တဲ့ အထောက်အထားတွေ တွေ့ရတယ်ဆိုတဲ့ ပြောဆိုချက်တွေကြောင့် မြန်မာနိုင်ငံဟာ Rome Statute မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ဘင်္ဂလားဒေ့ရှ်ကတော့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်နေတာမို့ အခုလို စုံစမ်းခွင့်ပေးဖို့ လျှောက်ထားရကြောင်းလည်း ဖေါ်ပြထားပါတယ်။
ICC ရှေ့နေချုပ်အနေနဲ့ အရင်က စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ခြင်း မရှိခဲ့တဲ့ အကြောင်းရင်းက မြန်မာနိုင်ငံဟာ Rome Statute ခေါ် ICC ကို မူလစတင် ခဲ့တဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အတွက်ကြောင့် စုံစမ်းဖို့ တရားရေးအရ အချုပ်အချာ အာဏာပိုင်ဆိုင်မှု မရှိပါဘူး။ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ နိုင်ငံတွေအပေါ် ICC က အရေးယူနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အဆိုပြုနိုင်ပေမယ့်လို့လည်း မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းတရုတ်နိုင်ငံက မလွဲမသွေ ဗီတိုအာဏာသုံး ပယ်ချနိုင်မှာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ဒါပေမယ့် Rome Statute ကိုလက်မှတ်ရေးထိုးထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ လက်မှတ်ရေးထိုးမထားတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော် ဖြစ်ပွါးတဲ့ အခြေနေဖြစ်နေတဲ့ အပေါ် ICC ခုံရုံးရဲ့ စစ်ဆေးပိုင်ခွင့် တောင်းခံခြင်းဟာ Rome Statute စာချုပ်နဲ့ ကိုက်ညီ အကြုံးဝင်ပြီး ICC ရဲ့ ဦးတည်ချက် ဖြစ်တဲ့ ဆိုးဝါးတဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူနိုင်မှာ ဖြစ်တဲ့အတွက် ရှေ့နေချုပ်က အခုလို ရုံးတော်ကို လျှောက်ထားတာဖြစ်ကြောင်းဖေါ်ပြပါတယ်။
Rome Statute ရဲ့ အက်ဥပဒေ ၇ (၁) ဃ အရ လူမျိုးစုကို အတင်းအဓမ္မ ရွှေ့ပြောင်းမှုကို ဟန့်တားထားတဲ့ ICC ရဲ့ ရာဇဝတ်မှု သတ်မှတ်ချက်တွေနဲ့ မြန်မာစစ်တပ်က ရိုဟင်ဂျာ လူဦးရေ ထက်ဝက်နီးပါးကို ရွာမီးရှို့၊ သေနတ်နဲ့ပစ်၊ အဓမ္မပြုကျင့်မှုတွေနဲ့ အတင်းအဓမ္မ နှင်ထုတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ကိုက်ညီနေတယ်လို့ ဖေါ်ပြထားပါတယ်။
ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ကတော့ အခုလို ICC ရှေ့နေချုပ်ရဲ့ လုပ်ဆောင်မှုကို ကြိုဆိုခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံရဲ့ အခြေအနေကို ICC တရားရုံးတင်ဖို့ မလုပ်ခဲ့သလို လုံခြုံရေးကောင်စီရဲ့ ဘယ်အဖွဲ့ဝင်ကမှလည်း ထောက်ပြ ပြောဆိုတာမရှိပဲ မြန်မာစစ်တပ်နဲ့ အစိုးရကို သူတို့ကျူးလွန်မှုတွေကနေ လွတ်ကင်းအောင် လုပ်ပေးနေတယ်လို့ အပြစ်တင်ခဲ့ပါတယ်။
Your browser doesn’t support HTML5