တချိန်က ယူဂိုဆလားဗီးယား နိုင်ငံကနေ ခရိုအေးရှား ခွဲထွက်ချိန် ၁၉၉၀ ပြည့်လွန်နှစ်တွေက ဘော်လကန်ဒေသ စစ်ပွဲတွေအတွင်း ခရိုအေးရှားရော၊ ဆာဗီးယားပါ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျုးလွန်တာ မရှိခဲ့တဲ့အကြောင်း ကုလသမဂ္ဂတရားရုံးက ဒီကနေ့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံး ICJ တရားသူကြီး Peter Tomka က ဆုံးဖြတ်ချက်ကို ဖတ်ကြားရာမှာတော့ ၂ နိုင်ငံ စစ်တပ်တွေ အနေနဲ့ ရာဇဝတ်မှုတွေကို ကျုးလွန်ခဲ့တာတွေ ရှိခဲ့ပေမဲ့ လူ ၂ သောင်းကျော် သေဆုံးခဲ့တဲ့ ပဋိပက္ခတွေအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုအထိ ကျုးလွန်ခဲ့တဲ့ အထောက်အထားတွေကို ၂ ဖက်စလုံးက တင်ပြနိုင်တာမျိုး မတွေ့ရတဲ့အကြောင်း ပြောဆိုခဲ့တာပါ။
ခရိုအေးရှား နိုင်ငံကတော့ ၁၉၉၁ ခုနှစ်က Vukovar နဲ့ အနီးအနား ဒေသတွေမှာ ဆာဗီးယား ပြည်သူ့စစ်တွေနဲ့ ယူဂိုဆလားဗီးယားတပ်တွေ သိမ်းပိုက်စဉ်မှာ ခရိုအေးရှားလူမျိုး အများအပြား ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်ခံရတာ၊ အတင်းအကျပ် ပြောင်းရွှေ့ခံရတာ၊ ထိန်းသိမ်းရေး စခန်းတွေမှာ ဖမ်းဆီးထားတာတွေ ရှိခဲ့တဲ့အကြောင်း ICJ ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဆာဗီးယားကလည်း နောက်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားချိန် ၁၉၉၅ ခုနှစ်က တန်ပြန်ထိုးစစ်တွေအတွင်း ဆာဗ်လူမျိုး ၂ သိန်းလောက်ကို မောင်းထုတ်ခံခဲ့ရတယ်ဆိုပြီး ၂၀၁၀ ပြည့်နှစ်မှာ အပြန်အလှန် တိုင်ကြားခဲ့တာပါ။ ICJ ရဲ့ အဆုံးအဖြတ်ကို ၂ ဖက်စလုံးက လက်ခံမယ်လို့ ကတိပြုထားပေမဲ့ တရားရုံး ဆုံးဖြတ်ချက်ကြောင့် နိုင်ငံရေးအရ တင်းမာမှုတွေ ပေါ်ပေါက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ဆာဗီးယား နိုင်ငံခြားရေးဝန်ကြီး Ivica Dacic ကတော့ တရားရုံး ဆုံးဖြတ်ချက်ဟာ ခရိုအေးရှားနဲ့ ၂ နိုင်ငံ ဆက်ဆံရေးမှာ အရေးကြီးဆုံး ဖြစ်ရပ်တခုတောင် ဖြစ်နိုင်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။