မြန်မာ့အလုပ်သမားအရေး တိုးတက်မှု တင်ပြဖို့ ILO ဆုံးဖြတ်ချက် မူကြမ်းထွက်

  • မသင်းသီရိ

မြန်မာ့အလုပ်သမားအရေး တိုးတက်မှု တင်ပြဖို့ ILO ဆုံးဖြတ်ချက် မူကြမ်းထွက်

မြန်မာအစိုးရအနေနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်အောင် ဘယ်လောက် လက်တွေ့လုပ်ထားပြီလဲ ဆိုတာနဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှု အခြေအနေတွေ ရှိနေတဲ့ အကြောင်းကို လာမယ့် နိုဝင်ဘာလအတွင်း ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကို တင်ပြရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် မူကြမ်းတရပ် ဒီကနေ့ ထွက်လာပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ILO အဖွဲ့ချုပ် အစည်းအဝေးတွင်း အခုလို မြန်မာနိုင်ငံဆိုင်ရာမူကြမ်း ထွက်လာတာဖြစ်ပြီး ဒီမူကြမ်းထဲက အချက်တွေအတိုင်း မြန်မာအစိုးရဟာ သက်သေပြနိုင်တာ မရှိဘူးဆိုရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖိ့ုအထိ ဖြစ်လာနိုင်တယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ အကြိမ် ၁၀၀ မြောက် ILO အဖွဲ့ကြီးရဲ့ အစည်းအဝေးအတွင်း မြန်မာနိုင်ငံက အဓမ္မ လုပ်အားစေခိုင်းမှုတွေနဲ့ ပတ်သက်လို့ အကြမ်းဖျင်း သဘောတူညီချက်တရပ် ထွက်လာသလို မနေ့ကတော့ လွတ်လပ်တဲ့ သင်းပင်းဖွဲ့စည်းမှု ကိစ္စတွေ ဆွေးနွေးအပြီး ဒီကနေ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းတရပ် ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အဓိကတော့ လာမယ့် နိုဝင်ဘာလမှာ နောက်တကြိမ် ကျင်းပမယ့် ILO အဖွဲ့ချုပ်ရဲ့ ဦးဆောင်ကော်မတီ အစည်းအဝေးတွင်းမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုဆိုင်ရာ ကိစ္စတွေအတွက် မြန်မာအစိုးရက သက်သေတင်ပြရမယ် ဆိုတဲ့ အချက်တွေ ပါဝင်သလို ဒီအခြေအနေတွေ မြန်မာနိုင်ငံထဲမှာ မတိုးတက်လာဘူးဆိုရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖြစ်လာနိုင်တဲ့ အခြေအနေအထိ ရှိလာနိုင်မယ်လို့ ဒီ ILO အစည်းအဝေးကို တက်နေတဲ့ FTUB မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

“မြန်မာပြည်မှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုဆိုတဲ့ ပဋိညာဉ်ကို လိုက်နာမှု မရှိသေးဘူး။ ဒါနဲ့ ပတ်သက်တဲ့ ဥပဒေလည်း ပြင်တာ မရှိသေးဘူး။ ပြင်တယ်၊ ပြင်တယ်လို့ ပြောပေမဲ့ ဆယ်စုနှစ်တခု ကျော်လာပြီတဲ့၊ လက်တွေ့ ဘာမှ မတွေ့ရသေးတဲ့ အတွက်ကြောင့် လက်ရှိ အစိုးရ အနေနဲ့ လာမယ့် နိုဝင်ဘာလ အုပ်ချုပ်မှုဆိုင်ရာ အစည်းအဝေးမှာ ဒီဟာကို လက်တွေ့ တင်ပြဖို့လိုတယ်။ စာရွက်စာတမ်းတွေနဲ့ တကွ လုပ်ထားတဲ့ လုပ်ငန်းတွေ တင်ပြဖို့လိုတယ်။

“အဲဒီလိုမှ မတင်ပြဘူး ဆိုရင်တော့ Commission of Enquiry on Freedom of Association ပေါ့၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ မရှိဘူး၊ တားမြစ်ပိတ်ပင်ခြင်း ခံရတယ် ဆိုတဲ့ဟာကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ဆိုတဲ့ဟာကို ILO က ပြောနေပါတယ်။”

ဒီနေ့ ထွက်လာတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို လာမယ့် ဇွန်လ ၁၆ ရက် ကြာသပတေးနေ့မှာ ပြုလုပ်မယ့် စုံညီ အစည်းအဝေးတွင်း အတည်ပြုပြီး ဆုံးဖြတ်ချက် ချမှာလည်း ဖြစ်ပါတယ်။ အခုပြုလုပ်နေတဲ့ ILO ဆွေးနွေးပွဲ အတွင်းမှာ ရန်ကုန်မှာရှိတဲ့ ILO ရုံး ဆက်သွယ်ညှိနှိုင်းရေး အရာရှိ မစ္စတာ စတိဗ် မာရှဲလ် (Steve Marshall) ကလည်း မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ တရပ်ကို တင်သွင်းခဲ့ပါသေးတယ်။

အထူးသဖြင့်ကတော့ မြန်မာနိုင်ငံထဲမှာ အလုပ်သမားရေးရာတွေ အတွက် လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းမှုတွေ မရှိလာဘူးဆိုရင် အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးတုန်းကလိုမျိုး မြန်မာနိုင်ငံတွင်း ရုံးဖွင့် စုံစမ်းစစ်ဆေးတာတွေ ဖြစ်လာနိုင်တယ်လု့ိလည်း ဦးမောင်မောင်က ပြောပါတယ်။

“ဒါကို အထူးသဖြင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဆိုတဲ့ အထဲမှာ အလုပ်သမားနဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေက၊ ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ပြောဆိုထားတဲ့ အတွက်ကြောင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ တင်ပြမှု မရှိရင်၊ ထူးခြားမှု မရှိရင်တော့ ILO က ဆက်လက် အရေးယူသွားဖို့ဆိုတဲ့ အနေအထားမျိုး Commission of Enquiry စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြစ်လာနိုင်ပါတယ်။

“၁၉၉၈ ခုနှစ်တုန်းက လုပ်တဲ့ကိစ္စမှာဆိုရင် ပထမဆုံး အုပ်ချုပ်တဲ့ အစိုးရပိုင်းက အပြင်းအထန် ကန့်ကွက်တယ်၊ သဘောမတူဘူးလို့ ပြောတယ်။ သို့သော် နောက်ဆုံးတော့ မြန်မာပြည်မှာ ILO ဆက်ဆံရေးရုံးဆိုတာ ပေါ်လာပြီး အဲဒီကနေ အဓမ္မ လုပ်အားပေး ပပျောက်ဖို့အတွက် တတ်နိုင်သလောက် ဝိုင်းဝန်းပြီး လုပ်နေတယ်။”

FTUB မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးမောင်မောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ အဓမ္မ လုပ်အားပေး စေခိုင်းမှုတွေ၊ ကလေးစစ်သား စုဆောင်းမှုလို ကိစ္စတွေအပြင် အလုပ်သမား သမဂ္ဂလို အသင်းအပင်း အဖွဲ့အစည်းတွေ မရှိတာအတွက် ILO နဲ့ အရင် စစ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်တာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပေမဲ့ တိုးတက်တာတွေ မရှိလာသလို ILO အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ အားနည်းတယ်လို့လည်း ဝေဖန်နေကြတာ ရှိပါတယ်။ ဒါကြောင့်မို့ အခု မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာ ပြောခဲ့တဲ့ ကတိစကားအတိုင်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်လို့ ILO ဆက်သွယ်ညှိနှိုင်းရေး အရာရှိ မစ္စတာ စတိဗ် မာရှဲလ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“လူတိုင်းသိထားတဲ့ အချက်က မြန်မာအစိုးရက အလုပ်သမား သမဂ္ဂ အသင်းအပင်းတွေ ဖွဲ့စည်းခွင့် ပေးရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မကြာတော့တဲ့ အနာဂတ်မှာ တင်သွင်းတော့မယ်လို့ ပြောခဲ့တဲ့ အချက်ပါပဲ။ ILO ထံကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေ ပြဋ္ဌာန်းရေးနဲ့ ပတ်သက်လို့ အကြံအဉာဏ်တွေ တောင်းခံထားတာ ရှိပါတယ်။ ဒီကနေတဆင့် ILO နဲ့ မြန်မာအစိုးရအကြား အပြန်အလှန် ဆွေးနွေးနိုင်ဖို့ကိုလည်း ကျနော်တို့က မျှော်လင့်ပါတယ်။

“အလုပ်သမား သမဂ္ဂတွေ၊ အဖွဲ့အစည်းတွေကို မြန်မာအစိုးရက ဖွဲ့စည်းခွင့်ပြုမယ် ဆိုတဲ့ အပြုသဘောဆောင်တဲ့ အရိပ်လက္ခဏာရပ်တွေ တွေ့ရတဲ့ အတွက်လည်း ဒီကနေတဆင့် ပိုမိုကျယ်ပြန့်တဲ့ ကိစ္စရပ်တွေဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့ လမ်းဖွင့်ပေးရာ ရောက်မယ်လို့ ဆိုရမှာပါ။”

ရန်ကုန်အခြေစိုက် ILO ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိဗ် မာရှဲလ် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့က စတင်ကျင်းပနေတဲ့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် အစည်းအဝေးတွင်း အလုပ်ရှင်၊ အလုပ်သမား အဖွဲ့တွေအပြင် နိုင်ငံတကာ အစိုးရ အဖွဲ့တွေနဲ့ပါ ဆွေးနွေးကြတဲ့အထဲ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေး တရပ်ကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။