ဘာဆေးမှမတိုးတဲ့ ဘက်တီးရီးယားပိုး အိန္ဒိယမှာတွေ့

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ထဲက ရေနမူနာတွေကို စမ်းသပ်ရာမှာ ပဋိဇီဝ ဆေးအားလုံးနီးပါးကို ခံနိုင်ရည်ရှိစေတဲ့ ဘက်တီးရီးယား မျိုးဗီဇတခုကို တွေ့ရှိတယ်လို့ ဗြိတိန်နိုင်ငံက သုတေသီတွေက ပြောလိုက်ပါတယ်။

ရေနမူနာ ၄ ပုံ ၁ ပုံမှာ NDM1 လို့ အမည်ရတဲ့ မျိုးဗီဇတွေ တွေ့ရှိတဲ့အကြောင်း ဒီကနေ့ ဗြိတိန်မှာ ထုတ်ဝေတဲ့ Lancet ဆေးသိပ္ပံ ဂျာနယ်ထဲမှာ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

ဒေလီမြို့ လမ်းတွေထဲက အများသုံး ရေပိုက်ခေါင်းတွေ၊ ရေကန်တွေဆီက ရေနမူနာ ၂၀၀ ကျော်ကို သုတေသီတွေ မနှစ်က စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဝမ်းကိုက်ရောဂါနဲ့ ကာလဝမ်းရောဂါ ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ အပါအဝင် တခြား ဘက်တီးရီးယားပိုး တော်တော်များထဲမှာ ဆေးမတိုးတဲ့ မျိုးဗီဇတွေကို စမ်းသပ်တွေ့ရှိတယ်လို့ သုတေသန လုပ်သူတွေက ပြောပါတယ်။

ဝမ်းရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးထဲမှာ ဒီလို မျိုးဗီဇတွေကို မနှစ်က လုပ်ခဲ့တဲ့ သီးခြား သုတေသန တခုမှာ တွေ့ခဲ့ကြပါတယ်။

အဲဒီမျိုးဗီဇကနေ ဖြစ်လာတဲ့ ဘက်တီးရီးယားပိုးတွေဟာ ဆေးအားလုံးလိုလို မတိုးတော့တဲ့အပြင် နောက်ဆုံးအဆင့် ဆေးဖြစ်တဲ့ Carbapenems ဆေးကိုတောင် မတိုးတော့ပါဘူး။

ကမ္ဘာပေါ်မှာ ဆေးမတိုးတော့တဲ့ ရောဂါတွေ ပိုပြီး ပျံ့နှံ့ဖြစ်ပွားတဲ့ ပြဿနာ ပိုဆိုးလာနေပြီး ဒီရောဂါသည်တွေကို ကုသဖို့လည်း မလွယ်ကူတော့ဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ဒီနေ့မှာပဲ ပြောလိုက်ပါတယ်။

ဒီလိုပြဿနာတွေကြောင့် ကုသမှုစရိတ် ပိုကြီးပြီး အသက်ဆုံးရှုံးမှု အန္တရာယ် ပိုများစေတယ်လို့ WHO က ပြောပါတယ်။