အာရှဒေသတွင်း အင်အားကြီး ၂ နိုင်ငံအကြား တနှစ်လောက် ဆက်ဆံရေး အေးနေခဲ့တာကို တဖန်ပြန်လည် တည်ဆောက်နိုင်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ အိန္ဒိယ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ တရုတ်နိုင်ငံကို ရောက်လာပါတယ်။
ဗိုလ်ချုပ် ဂူမက် ဆင်းဂ် (Gurmeet Singh) ဦးဆောင်တဲ့ ၈ ဦး ကိုယ်စားလှယ် အဖွဲ့ဟာ ဘေဂျင်း (Beijing) မြို့ကို တနင်္ဂနွေနေ့မှာ ရောက်ရှိသွားတာပါ။
သူတို့ရဲ့ တပတ်ကြာ ခရီးစဉ်အတွင်း တရုတ် စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေနဲ့ ဘေဂျင်း၊ ရှန်ဟိုင်း (Shanghai) စတဲ့မြို့တွေမှာ တွေ့ဆုံမှာဖြစ်ပြီး အိန္ဒိယနိုင်ငံ ကက်ရှ်မီးယား (Kashmir) ဒေသနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး မတည်မငြိမ် ဖြစ်နေတဲ့ ရှင်ဂျန်း (Xinjiang) ဒေသကိုလည်း သွားရောက်ကြဖို့ ရှိပါတယ်။
အိန္ဒိယ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ကက်ရှ်မီးယား ဒေသကလူတွေ တရုတ်နိုင်ငံလာဖို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်တဲ့အခါ တရုတ်ဘက်က နိုင်ငံကူးလက်မှတ်မှာ စတပ်ပလာနဲ့ ဗီဇာစာရွက်တွေ တွဲပေးတဲ့ ကိစ္စအပေါ် အိန္ဒိယဘက်က မကျေနပ်ကြောင်း ဆန္ဒပြတဲ့ အနေနဲ့ စစ်ဘက်ဆိုင်ရာ ကိစ္စတွေမှာ အဆက်အဆံ မလုပ်တော့ဘဲ ရပ်တန့်ထားခဲ့တာပါ။
အဲဒီ ကက်ရှ်မီးယား ဒေသကို တရုတ်ရဲ့ မဟာမိတ် ပါကစ္စတန်ကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေတာ ဖြစ်ပါတယ်။
တရုတ်ဘက်က အဲဒီလို ပြည်ဝင်ခွင့် ဗီဇာတွေကို ဖြုတ်ရလွယ်တဲ့နည်းနဲ့ အသုံးပြုတာဟာ ကက်ရှ်မီးယား ဒေသကို ပါကစ္စတန်က ပိုင်ဆိုင်တယ်ဆိုတာ တနည်းအားဖြင့် ထောက်ခံပေးရာ ရောက်တယ်လို့ အိန္ဒိယဘက်က ယူဆနေတာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ ရေရှည် ပြဿနာ ဖြစ်နေတဲ့ အဲဒီ ပြည်ဝင်ခွင့်ဗီဇာ စာရွက်ကိစ္စကို ပြေလည်လိုတဲ့အကြောင်း ပြီးခဲ့တဲ့ ဧပြီလအတွင်း ကျင်းပခဲ့တဲ့ ဖွံ့ဖြိုးစနိုင်ငံများ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ တွေ့ဆုံစဉ် တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) က အရိပ်လက္ခဏာ ပြခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယ လက်အောက်ခံ ဂျမူး (Jammu) နဲ့ ကက်ရှ်မီးယား ဒေသက လူတွေ ပုံမှန် ပြည်ဝင်ခွင့် ဗီဇာတွေ အခုနှစ်ကစပြီး တရုတ်နိုင်ငံက ထုတ်ပေးနေတယ်လို့ အိန္ဒိယပိုင် PTI သတင်းဌာနက ပြောပါတယ်။ ဒါဟာ တရုတ်အစိုးရရဲ့ တရားဝင် သဘောထား ရပ်တည်ချက်လား ဆိုတာတော့ အတိအကျ မသိနိုင်သေးပါဘူး။