အိန္ဒိယနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို တင်းတင်းကျပ်ကျပ် ချမှတ်ဖို့ တောင်းဆိုချက်တွေထဲက တချို့တဝက် လိုက်လျောပါမယ်လို့ လွှတ်တော်က သဘောတူလိုက်ပြီးနောက်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ တက်ကြွလှုပ်ရှားသူဟာ သူ့ရဲ့ ဆန္ဒပြမှုကို အဆုံးသတ်လိုက်ပါတယ်။
အဂတိလိုက်စားမှုကို နိုင်ငံတခုလုံး အမျက်ဒေါသ ထွက်စေအောင် လှုံ့ဆော်ခဲ့တဲ့ မစ္စတာ အန်နာ ဟာဇာရီ (Mr. Anna Hazare) ဟာ နယူးဒေလီ (New Delhi) က လေဟာပြင် တနေရာမှာ အစာငတ်ခံ ဆန္ဒပြနေတာကို တနင်္ဂနွေနေ့ကပဲ အဆုံးသတ်လိုက်ပြီး ကလေးငယ် ၂ ယောက် တိုက်ကျွေးတဲ့ အုန်းရည်နဲ့ ပျားရည်ကို သောက်ခဲ့ပါတယ်။ သူက အစာမစားဘဲ ၁၃ ရက်ကြာ နေခဲ့တာ ဖြစ်ပါတယ်။
ပိုတင်းကျပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအတွက် အခြေခံပုံစံကို ရေးဆွဲဖို့ သူတောင်းဆိုတဲ့ အထဲက အချက် ၃ ချက်ကို ဆွေးနွေးပါမယ်လို့ အစိုးရက သဘောတူခဲ့တာကြောင့် အသေခံမယ်ဆိုပြီး အစာငတ်ခံ ဆန္ဒပြနေတဲ့ မစ္စတာ ဟာဇာရီက သူ့ရဲ့ ဆန္ဒပြမှုကို ရပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့တိုက်ပွဲ မပြီးဆုံးသေးပါဘူး၊ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ ကြိုးပမ်းနေတာတွေကို ရပ်လိုက်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
သူ့ကို ထောက်ခံသူတွေက ဝန်ကြီးချုပ် အပါအဝင် အစိုးရရဲ့ အဆင့်တိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အဝ လုပ်ဆောင်ခွင့် ရစေချင်တာ ဖြစ်ပါတယ်။
အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် မစ္စတာ ဟာဇာရီဟာ ကိုယ်လေးချိန် ၁၅ ပေါင်ကျော် ကျသွားပေမဲ့ ကျန်းမာရေးတော့ ကောင်းပုံရပါတယ်။ သူ့ကို အခုတော့ ဆေးရုံတင်ထားပြီး အစာကို တဖြည်းဖြည်းချင်း ပြန်ကျွေးမှာ ဖြစ်ပါတယ်။