သက်ငယ်မုဒိမ်း အိန္ဒိယသေဒဏ်ချမှုအပေါ် အမြင်ကွဲပြား

သက်ငယ်မုဒိမ်းသမားတွေကို သေဒဏ်ပေးဖို့ တောင်းဆိုနေကြသူများ။ ( ဧပြီ ၂၂-၂၀၁၈)

အိန္ဒိယနိုင်ငံမှာ အသက် ၁၂နှစ်အောက် ကလေးတွေကို အဓမ္မပြုကျင့်သူတွေအပေါ် သေဒဏ်ပေးဖို့အပြင် အသက်အရွယ်အလိုက် မိန်းကလေးတွေအပေါ် အဓမ္မပြု ကျင့်သူတွေကို ထောင်ဒဏ် နှစ်ရှည်တွေ ချမှတ်ဖို့ အစိုးရက သဘောတူ လိုက်ပြီဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဥပဒေဖြစ်လာရေးအတွက် လွှတ်တော်ရဲ့ အဆိုပြုချက် ရရှိဖို့လည်း လိုအပ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အမြင်အမျိုးမျိုးလည်း ထွက်ပေါ်နေပါတယ်။ နယူးဒေလီမြို့တော်ကနေ ဗွီအိုအေသတင်းထောက် Anjana Pasricha သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းပြောပြပေးပါလိမ့်မယ်။

ဧပြီလ ၂၁ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကမကထပြုကျင်းပခဲ့တဲ့ အထူးဝန်ကြီး အစည်းအဝေးပွဲမှာ အသက် ၁၂နှစ်အောက် ကလေးငယ်တွေကို အဓမ္မပြုကျင့်သူတွေအပေါ် သေဒဏ်ပေးနိုင်ရေးအတွက် နိုင်ငံ့ရဲ့ဥပဒေ ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ့ဆုံးဖြတ်ချက်အရ အသက် ၁၆နှစ်အောက် ကလေးတွေကို အဓမ္မပြုကျင့်သူတွေအပေါ် ချမှတ်တဲ့ အနည်းဆုံးထောင်ဒဏ် ၁၀နှစ်ကို နှစ် ၂၀အထိ တိုးခဲ့သလို ၁၆နှစ်အထက် အမျိုးသမီးတွေကို အဓမ္မပြုကျင့်သူတွေအပေါ် ထောင်ဒဏ် ၇နှစ်ကနေ ၁၀နှစ်အထိ တိုးချမှတ်ဖို့ ပါဝင်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဥပဒေဖြစ်ပေါ်လာရေးအတွက် လွှတ်တော်ရဲ့အတည်ပြုချက် ရယူဖို့ လိုအပ်တဲ့အတွက်ကြောင့်လည်း ဒီအတောအတွင်း ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခြင်း ခံရသူတွေကို အခု ခြောက်လအတွင်း အရေးပေါ်အမိန့်အရ ရုံးတင်စစ်ဆေးခွင့်ပြု ထားတာဖြစ်ပါတယ်။

အခုလို မိုဒီအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ကြပါတယ်။ ၈ နှစ်အရွယ် ကလေးငယ်ကို အမျိုးသားတွေ အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့မှုအတွက် သေဒဏ်ချမှတ်ဖို့ နိုင်ငံတော် တရားရုံးချုပ်ထံ ဒီနှစ်စောစောပိုင်းက လျှောက်ထားခဲ့သူ နယူးဒေလီ အခြေစိုက်ရှေ့နေ Alakh Alok Srivastav က ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ် တယ်လို့ပြောခဲ့ပါတယ်။

" ဒီဆုံးဖြတ်ချက်ကို သိပ်ကိုကြိုဆိုပါတယ်။ သေဒဏ်ချမှတ်ခံရမယ်လို့ အဓမ္မပြုကျင့်တဲ့ သူတွေက သိထားရင် အပြစ်ကျုူးလွန်ဖို့ တွန့်ဆုတ်ကြမှာဖြစ်ပါတယ်။"

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ကလေးငယ်တွေအရေး နှစ်၂၀ကြာ ရှေးရှုဆောင်ရွက်ခဲ့တဲ့ စေတနာ့ဝန်ထမ်း Anuja Gupta ကတော့ အိန္ဒိယမှာ အဓမ္မပြုကျင့်သူတွေနဲ့ အဓမ္မပြုကျင့်ခံရသူတွေဟာ ဆွေမျိုးရင်းချာ တော်စပ်ကြသူတွေ ရင်းနှီးကြသူတွေ ဖြစ်တဲ့ အတွက်ကြောင့်လည်း တိုင်ကြားရင် သေဒဏ်ချခံရမှာစိုးတဲ့အတွက်ကြောင့် နှုတ်ဆိတ်နေကြတာ တွေ့ရတယ်လို့ ထောက်ပြခဲ့ပါတယ်။

"ဒီကိစ္စကို အသံတိတ်သွားစေနိုင်ပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရသူတွေဟာ ကျူးလွန်သူတွေဟာ သူတို့နဲ့ခင်မင်ရင်းနှီးကြသူတွေဖြစ်ရင် သေဒဏ် အပေးခံရမယ့် အဖြစ်ကို မရောက်စေလိုကြဘူး။ ကလေးငယ်တွေအတွက် သိပ်ကို စိတ်ဆင်းရဲစရာဖြစ်စေမှာပါ။ ဒါကြောင့်လူတွေက အမှုတိုင်ကြားကြမှာလည်း မဟုတ်ပါဘူး။"

ဒါပေမဲ့ အမျိုးသမီးရေးလှုပ်ရှားသူတွေကတော့ ၂၀၁၂ခုနှစ်က နယူးဒေလီမှာ အသက်၂၃နှစ် အရွယ် တက္ကသိုလ်ကျောင်းသူတဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားလေးဦးကို သေဒဏ်ချမှတ်ခြင်းခံခဲ့ရပေမဲ့လို့လည်း အဓမ္မပြုကျင့်မှု တိုင်ကြားမှုတွေက ၆၀% တိုးလာတဲ့အတွက်ကြောင့် သေဒဏ်ဟာ တိုင်ကြားမှု အတွက်ကို အဟန့်အတားမဖြစ်စေဘူးလို့ ထောက်ပြခဲ့ပါတယ်။

ဥပဒေပညာရှင်တွေကတော့ အိန္ဒိယနိုင်ငံအတွက် တရားရေးစနစ်ပြဿနာဖြေရှင်းရေး ဟာ ရဲနဲ့ တရားရုံးတွေမှာ အဓိက တာဝန်ရှိတယ်လို့ ထောက်ပြကြပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူ Vrinda Groverက-

"ပြစ်မှု ထင်ရှား မတွေ့ဘူးဆိုရင် သေဒဏ်ချမှတ်တာက ဘယ်လိုအကျိုးရှိမှာလဲ အိန္ဒိယ တရားရေးစနစ်က သိပ်ကို ယိုယွင်းနေတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရတာတွေ နည်းပါးနေပါတယ်။ အမှုတိုင်ချက်ဖွင့်တာက သိပ်ကို ခက်ခဲတဲ့အပြင် နောက်ပိုင်း အမှုစုံစမ်းရာမှာလည်း သိပ်ကို ပေ့ါဆပြီး ဘက်လိုက်မှုတွေ ရှိတာတွေ့ရတယ်လို့ သူက ထောက်ပြသွားပါတယ်။

အိန္ဒိယမှာ မကြာသေးခင်က လူထုကို သိပ်ကို ဒေါသထွက်စေခဲ့တဲ့ အဓမ္မပြုကျင့်မှု နှစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီလက အိန္ဒိယပိုင် Kashmir က Kathua မှာ အသက် ၈နှစ်အရွယ် မူဆလင်အမျိုးသမီးလေး Asifa Bano ကို ဟိန္ဒူအမျိုးသားတစုက အုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့အမှု ဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့ ဇွန်လက Uttar Pradesh ပြည်နယ်မှာ အသက် ၁၆နှစ်အရွယ် အမျိုးသမီးငယ်တဦးဟာ BJPခေါ် အာဏာရ Bharatiya Janata Party အဖွဲ့ဝင်တဦးရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

Bano အမှုမှာတော့ ဒေသခံရဲနှစ်ဦးက လာဘ်ငွေ ဒေါ်လာငါးထောင်နီးပါး စားခဲ့ပြီး သက်သေအထောက်အထားကို ဖျက်ဆီးခဲ့သလို Uttar Pradesh ပြည်နယ်မှာတော့ အာဏာရ BJP ပါတီ အဖွဲ့ဝင်က အသက် ၁၆နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် တိုင်ကြားမှုကို မိန်းကလေးငယ်က မရုပ်သိမ်းပေးခဲ့တဲ့ အတွက်ကြောင့် သူ့ဖခင်က ရိုက်သတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒီအမှုဟာ နိုင်ငံတဝှမ်းဒေါသထွက်စေခဲ့တဲ့အတွက်ကြောင့် BJP ပါတီအဖွဲ့ဝင်တွေ အဖမ်းခံခဲ့ရပြီး အရေးပေါ်စီမံချက်အရ ရုံးတင်စစ်ဆေးခြင်းခံနေရတာလည်းဖြစ်ပါတယ်ရှင်။

Your browser doesn’t support HTML5

သက်ငယ်မုဒိမ်း အိန္ဒိယသေဒဏ်ချမှုအပေါ် အမြင်ကွဲပြား