ကပ္ပလီကျွန်းစုအနီး ဆူနာမီ သတိပေးချက် ထုတ်

ဆူနာမီ

ဆူနာမီ

အင်္ဂါနေ့တုန်းက အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အန်ဒမန်ကျွန်းစုမှာ ရစ်ချ်တာစကေး ၆.၄ ရှိတဲ့ ငလျင်တရပ် လှုပ်သွားခဲ့တာကြောင့် ဆူနာမီ သတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။

အန်ဒမန်ကျွန်းစုထဲက အဓိကမြို့ ပို့တ် ဘလဲ (Port Blair) ရဲ့ အရှေ့ဘက် မိုင် ၇၀ ကျော် အကွာအဝေးကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာနက ဆိုပါတယ်။ အိန္ဒိယ သမုဒ္ဒရာအောက် မိုင် ၈၀ လောက် အနက်ကနေ လှုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကမ်းခြေတလျှောက်မှာ ဆူနာမီ ဖြစ်နိုင်တယ်လို့ အမေရိကန် ပစိဖိတ် ဆူနာမီ သတိပေးရေးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အန်ဒမန်ကျွန်းစုမှာ ပါရှိတဲ့ ကျွန်းတွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအထိ ရှိနေကြပါတယ်။

၂၀၀၄ ဒီဇင်ဘာလတုန်းက ငလျင်လှုပ်ပြီး ဆူနာမီ ဖြစ်ခဲ့တဲ့အတွက် အဲဒီကျွန်းတွေမှာ အကြီးအကျယ် ပျက်စီးခဲ့ဖူးပါတယ်။