အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်မှာ မုတ်သုန်မိုး အပြင်းအထန်ရွာပြီး ရေကြီးတာ၊ မြေပြိုတာ၊ တံတားတွေ ကျိုးကျတာက နေ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လူပေါင်း ၆၇ ယောက်ထက်မနည်း သေဆုံးပြီးတော့ လေကြောင်းနဲ့ ရထားလိုင်းတွေလည်း ရပ်ဆိုင်းကုန်တယ်လို့ တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အဓိကဆိပ်ကမ်းမြို့တခုဖြစ်တဲ့ Kochi နိုင်ငံတကာလေဆိပ်က လေယာဉ်ပြေးလမ်းမှာ ရေကြီးတဲ့အတွက် လေယာဉ်အဝင် အထွက်တွေကို စနေနေ့အထိ ရပ်ဆိုင်းထားပါတယ်။
ရေကြီးနေတာကြောင့် Idukki ခရိုင်က လူတွေအသွားများတဲ့ Munnar တောင်ကုန်းစခန်းကို မသွားကြဖို့ ကမ္ဘာလှည့်ခရီးသည် တွေကို တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ Kerala ပြည်နယ်ဟာ လှပတဲ့ တောတောင်ရေမြေ ရှုခင်းတွေ၊ ရေတံခွန်တွေနဲ့ ပင်လယ်ကမ်းခြေတွေရှိတာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ ဒေသတခုဖြစ်ပါတယ်။
Sabarimala တောင်ပေါ် ဘုရားကျောင်းနားက Pampa မြစ်ရေ တက်လာနေတဲ့အတွက် ဘုရားကျောင်းကို မသွားကြဖို့လည်း လူတွေကို သတိပေးထားပါတယ။် Pathanamthitta ခရိုင်က တောင်တန်းတွေပေါ်မှာရှိတဲ့ Sabarimala ဟိန္ဒူဘုရားကျောင်းကို လာတဲ့ ဝတ်ပြုသူအရေအတွက်ဟာ နှစ်စဉ် လူ ၄၅ သန်းလောက်ရှိပါတယ်။
ဗုဒ္ဓဟူးနေ့မှာ နောက်ထပ်သေဆုံးသူ ၂၅ ယောက် ထပ်တိုးတာကြောင့် သြဂုတ်လ ၈ ရက်နေ့ကတည်းကဆိုရင် သေဆုံးသူ စုစုပေါင်း ၆၇ ယောက်ရှိသွားတဲ့အကြောင်း Kerala ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။