အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ် စတင်

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား (SM Krishna) ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ပဲ စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာအစိုးရသစ်နဲ့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိတဲ့အပြင် သဘောတူ စာချုပ်တွေလည်း လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နားဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ဒီကနေ့ တနင်္လာနေ့မှာ ရောက်ရှိလာပါတယ်။ ဒီခရီးစဉ်က မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်မှာ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စတွေ တိုးတက် ဖြစ်ထွန်းလာလိမ့်မယ်လို့လည်း သူက ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက နှစ်နိုင်ငံအကြား ရှိနေတဲ့ အားကောင်းတဲ့ စီးပွားရေးနဲ့ လုံခြုံရေးကိစ္စ ပူးပေါင်းဆောင်ရွက်မှုတွေ ထဲကမှ သတင်းနဲ့ နည်းပညာကဏ္ဍ၊ ကုန်ထုတ်လုပ်ရေးနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးကဏ္ဍတွေ မြန်မာနိုင်ငံတွင်းမှာ ပိုပြီး တိုးမြှင့် လုပ်ဆောင်နိုင်ဖို့လည်း သူက မျှော်လင့်ထားတဲ့အကြောင်း မြန်မာနိုင်ငံကို ထွက်ခွာမလာခင် တနင်္လာနေ့မှာပဲ နယူးဒေလီမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို သူက ပြောပါတယ်။

“နိုင်ငံရေး အခြေအနေသစ် အောက်မှာ နှစ်နိုင်ငံအကြား ဘက်ပေါင်းစုံ ဆက်ဆံရေးကို ထပ်ဆင့် အားဖြည့်ဖို့ အခွင့်အရေးတွေ ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရေးအပြင် IT နည်းပညာ၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ကြေးနန်းဆက်သွယ်ရေးနဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ပတ်သက်လို့လည်း အမြင်ချင်း ဖလှယ်ခွင့် ရကြမှာ ဖြစ်ပါတယ်။”

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နားနဲ့အတူ နိုင်ငံခြားရေး အတွင်းဝန် နီရူးပါမား ရောင်း (Nirupama Rao) တို့ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဖိတ်ကြားချက်နဲ့ ၃ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။

ဒီအလည်အပတ် ခရီးစဉ်က ပြီးခဲ့တဲ့ မတ်လအတွင်းက သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရသစ် တက်လာပြီးနောက်ပိုင်း အိန္ဒိယ၊ မြန်မာ ပထမဆုံး အဆင့်မြင့် အရာရှိတွေရဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မစ္စတာ ခရစ်ရှ်နားက လွန်ခဲ့တဲ့ ၃ နှစ်က နာဂစ်မုန်တိုင်းဒဏ် သင့်ခဲ့တဲ့ မြန်မာနိုင်ငံအတွင်း အိန္ဒိယက ထောက်ပံ့မှုနဲ့ တည်ဆောက်ပြီးစီးသွားတဲ့ စပါးသိုလှောင်ရုံ ၃ ခုကိုလည်း လွှဲပြောင်းပေးအပ်ဖို့ ရှိပါတယ်။ ခရီးစဉ်အတွင်း ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတွေလည်း ရေးထိုးဖို့ ရှိတယ်လို့ သူက ထပ်လောင်း ပြောပါတယ်။

“နားလည်မှု စာချွန်လွှာ အတော်များများကို လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီလုပ်ဆောင်မှု အပေါ်မှာ အခြေခံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်နိုင်မှာ ဖြစ်ပါတယ်။”

အိန္ဒိယရဲ့ တိုးတက်လာတဲ့ စီးပွားရေးနဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် တရုတ်နဲ့ပြိုင်ပြီး လုပ်ပိုင်ခွင့် ရရှိဖို့ နှစ်ပေါင်းများစွာ ယှဉ်ပြိုင်နေရတဲ့ မြန်မာ့ သဘာဝဓာတ်ငွေ့ တွင်းတွေနဲ့ ပတ်သက်လို့လည်း ဒီအလည်အပတ် ခရီးစဉ်မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ အခြေစိုက်နေတဲ့ သောင်းကျန်သူတွေကို နှိမ်နင်းရေး အတွက်လည်း မြန်မာဘက်က အကူအညီရဖို့ ဆွေးနွေးဖို့လည်း ရှိနေပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးရဲ့ အခု အလည်အပတ် ခရီးစဉ်က တရုတ်နဲ့ မြန်မာ အစိုးရသစ် ခေါင်းဆောင်တွေ အပြန်အလှန် အလည်အပတ် ခရီးစဉ်တွေ အပြီးမှာ ပေါ်ပေါက်လာတဲ့အတွက် ထူးခြားမှုရှိတဲ့ ခရီးစဉ် ဖြစ်တယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ တင့်ဆွေက အခုလို ပြောပါတယ်။

“တချိန်တည်းမှာ ဦးသိန်းစိန်က တရုတ်နိုင်ငံ သွားထားတော့ ဗမာပြည်က ခေါင်းဆောင် အိန္ဒိယကိုလာတာ၊ သို့မဟုတ် အိန္ဒိယက ခေါင်းဆောင်ပေါ့လေ၊ ဒီနိုင်ငံခြားရေး ဝန်ကြီးထက် အဆင့်မြင့်တဲ့ ခေါင်းဆောင် ဗမာပြည်လာတာ တခုခုကတော့ စီစဉ်ရမှ ဖြစ်မယ်။ ဒါမှလည်း အိမ်နီးချင်း ဆက်ဆံရေးမှာ ချိန်ခွင်လျှာ မျှဖို့ကိစ္စ ဖြစ်တော့ နိုင်ငံခြားရေး ဝန်ကြီးက အဲဒီလို ထိပ်ပိုင်းခေါင်းဆောင် အလဲအလှယ် ကိစ္စမှာ လမ်းခင်းတဲ့ သဘောမျိုး ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။”

ဒီခရီးစဉ်ကနေ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ကိစ္စတွေ တိုးတက် ဖြစ်ထွန်းရေးအတွက် နယ်စပ်လုံခြုံရေး ကိစ္စကိုလည်း တိုးတက် လုပ်ဆောင်ဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိရေး ဆွေးနွေးလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

“သို့သော်လည်း အခု နိုင်ငံခြားရေးဝန်ကြီး သွားတဲ့အချိန်မှာ ထူးခြားမှုလေးတွေ ရှိနေတော့ တမျိုးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ တရုတ်၊ ဗမာနယ်စပ်က ကချင်ကိစ္စ၊ အလားတူပဲ အိန္ဒိယ၊ ဗမာ နယ်စပ်မှာရှိတဲ့ နာဂ အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ရှိနေတယ်။ အဲဒီတော့ ဒီအပေါ်မှာ အိန္ဒိယက သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းဘက်ကို တွန်းပေးဖို့မှာ ဗမာအစိုးရဘက်နဲ့ ဗမာစစ်တပ်က အရေးပါတော့ ဒီအတွက် နိုင်ငံခြားရေးဝန်ကြီး ကြိုးစားမယ် ထင်တယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံဖို့ ရှိမရှိ ဆိုတာကိုတော့ အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။