အိန္ဒိယ-မြန်မာ ပူးတွဲ ကော်မရှင် စည်းဝေးမည်

myanmar india

အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် မြန်မာ-အိန္ဒိယ ပူးတွဲ အစည်းအဝေး တက်ရောက်ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အိန္ဒိယနိုင်ငံကို ရောက်ရှိနေပါတယ်။ ဒီအစည်းအဝေး မတိုင်ခင်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယဝန်ကြီးချုပ် Narendra modi နဲ့လည်း နယူးဒေလီမြို့တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ အခုလိုတွေ့ဆုံမှုအတွင်း နယ်စပ်လုံခြုံရေးကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးနိုင်တယ်လို့ သုံးသပ်သူတချို့က ခန့်မှန်းပါတယ်။ ဒီအကြောင်း ကိုအောင်အောင် က တင်ပြထားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ လေးရက်ကြာခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို မနေ့က အင်္ဂါနေ့မှာ ရောက်ရှိသွားတာပါ။ မနက်ဖြန် ဇူလိုင်လ ၁၆ ရက်နေ့ကျရင် ကျင်းပမယ့် ပူးတွဲ ညှိနှိုင်းတိုင်ပင်ရေးကော်မရှင် JCC အစည်းအဝေးမှာ နှစ်နိုင်ငံကြား ပူးတွဲဆောင်ရွက်ခဲ့ကြတဲ့ ကိစ္စရပ်တွေ အပါအဝင် နှစ်ဘက် ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်အောင် ရှေ့လျှောက် ဘယ်လို ဆောင်ရွက်သွားကြမလဲ ဆိုတာတွေကို ဆွေးနွေကြမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မှာပါ။ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ပူးတွဲအစည်းအဝေးနဲ့ ပတ်သတ်ပြီး အခုလို ပြောပါတယ်။

“ဒါကတော့ ပထမဦးဆုံးအကြိမ် ပြုလုပ်တဲ့ အစည်းအဝေးပါပဲ။ အမှန်အတိုင်းပြောရင်တော့ JCC က နှစ်ပေါင်းများစွာ ကျနော်တို့နဲ့ အိန္ဒိယနဲ့ မရှိသေးဘူးပေါ့လေ။”

မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ၂၀၀၃ ခုနှစ် ဇန်နဝါရီလ အိန္ဒိယခရီးစဉ်အတွင်း ၂ နိုင်ငံ ပူးတွဲ လုပ်ဆောင်နိုင်ဖို့ သဘောတူညီခဲ့အပြီး ပထမဆုံးအကြိမ်နဲ့ ဒီအစည်းအဝေး ကျင်းမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိန္ဒိယနိုင်ငံကြား အခုလို နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို အခုမှ စတင်နိုင်ပေမဲ့ လွန်ခဲ့တဲ့ အချိန်အတော်ကြာကြာထဲက ဒေသအဆင့် အစည်းအဝေးတွေ ပုံမှန်ရှိနေခဲ့တယ်လို့ ၁၉၉၀ ခုနှစ် ရွေးကောက်ခံ လွှတ်တော်အမတ်လည်းဖြစ် မြန်မာ့နိုင်ငံရေး လေ့လာသူလည်း ဖြစ်တဲ့ ဦးတင့်ဆွေက အခုလို ပြောပါတယ်။

“အိန္ဒိယနဲ့ မြန်မာ ၂ နိုင်ငံကြားမှာ ဆက်ဆံရေးကတော့ အဆင့်ဆင့်၊ အဆင့်တိုင်းမှာ အများကြီးရှိတယ်ခင်ဗျ။ ဥပမာ အလံတင် ဆွေးနွေးပွဲခေါ်တဲ့ နယ်စပ်မှာ ဒီဘက်မြို့လုပ်လိုက်၊ ဟိုဘက်မြို့လုပ်လိုက် အဲဒါကလည်း ပုံမှန်ပေါ့လေ အချိန်ဇယားဆွဲပြီး လုပ်နေတယ်။ နောက်ပြီး ဒီထက်တဆင့်မြင့်တဲ့ နယ်စပ်မြို့ကြီးတွေမှာ လုပ်တဲ့ဟာတို့၊ နောက်ကျမှတခါ ဝန်ကြီးအဆင့် ပူးပေါင်းဆောင်ရွက်တာတို့၊ အဓိကကတော့ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုကတော့များတယ်။ စစ်တပ်တခုလုံး ရေတပ်တို့၊ လေတပ်တို့ရော အပြန်အလှန် ဆက်ဆံမှုတွေရှိတယ်ခင်ဗျ။”

ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့မှာတော့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်တဲ့ အိန္ဒိယအစိုးရ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Ajit Kumar Doval က ဒီတွေ့ဆုံပွဲနဲ့ ပတ်သတ်ပြီး တရားဝင် ပြောဆိုတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့လည်း အိန္ဒိယအနေနဲ့ နှစ်ပေါင်းများစွာ အခက်ကြုံနေရတဲ့ အိန္ဒိယသူပုန်တွေကို နှိမ်နင်းဖို့ အရေးကိစ္စကိုတော့ ဒီတွေ့ဆုံပွဲအတွင်း ဆွေးနွေးနိုင်တယ်လို့ ဦးတင့်ဆွေက အခုလို သုံးသပ်ပါတယ်။

“ကျနော်မြင်တာတော့ အိန္ဒိယဘက်က တောင်းဆိုမှုတွေ လာလိမ့်မယ်ခင်ဗျ။ လုံခြုံရေးမှာ အိန္ဒိယနိုင်ငံ၊ အိန္ဒိယအစိုးရကို ဆန့်ကျင်ပြီး လက်နက်ကိုင် ပုန်ကန်နေတဲ့ အဖွဲ့အစည်းတွေက အနည်းဆုံး ဒါဇင်ဝက်လောက်က မြန်မာ့မြေပေါ်မှာ ရှိတယ်ဆိုတဲ့ အထောက်အထားတွေကလည်း အများကြီး ရှိပြီးတော့ အစည်းအဝေးတိုင်းမှာလည်း ဒီကိစ္စပြောတယ်။ ပြောပြီးတော့ အစည်းအဝေး မတိုင်ခင်ကလေးမှာ မြန်မာစစ်အစိုးရ လက်ထက်ကတည်းက ထုံးစံပေါ့လေ၊ တစုံတရာ အရေးယူသလိုမျိုး လုပ်ပြပြီး အစည်းအဝေးကျလည်း ကျနော်တို့မြေပေါ်မှာ ဘယ်နိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့မှ မထားဘူးလို့ ပါးစပ်ကတော့ပြောသွားတယ်။ သတင်းစာထဲလည်းကောက်ရေး။ အစည်းအဝေးပြီးသွားတော့လည်း ဒီတိုင်းပဲ။ ဆိုတော့ အိန္ဒိယနိုင်ငံရဲ့ စိုးရိမ်ချက်က သူ့ကို လက်နက်ကိုင် ပုန်ကန်နေတဲ့ အဖွဲ့အစည်းတွေ မြန်မာအစိုးရက ရှင်းထုတ်စေချင်တာပေါ့လေ။”

အိန္ဒိယတပ်ဖွဲ့ဝင်တွေကို နာဂသူပုန်အဖွဲ့က ဇွန်လ ၄ ရက်နေ့က ခြုံခို တိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိယတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့တာကြောင့် မြန်မာနိုင်ငံထဲမှာရှိနေတဲ့ နာဂသူပုန်တွေကို အိန္ဒိယစစ်တပ်က ဇွန်လ ၉ ရက်နေ့တုန်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပေမဲ့ မြန်မာနိုင်ငံဘက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ မရှိဘူးလို့ မြန်မာအစိုးရဘက်က ငြင်းဆိုထားပါတယ်။ အဲဒီ လက်နက်ကိုင် အိန္ဒိယသူပုန်တွေကို နှိမ်နင်းတာမှာ မြန်မာနိုင်ငံရဲ့ ကူညီထောက်ပံ့မှုကို မရရင် နောက်ထပ် စစ်ဆင်ရေးတွေလုပ်ဖို့ ခက်ခဲမယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း အိန္ဒိယနိုင်ငံကို အခုလကုန်ပိုင်းမှာ သွားရောက်ဖို့ရှိနေပြီး ဝန်ကြီးချုပ် Narendra Modi အပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။