Al- Qaida အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Ayman al-Zawahiri က အိန္ဒိယတိုက် နိုင်ငံတချို့မှာ အစ္စလာမ်အစွန်းရောက် လှုပ်ရှားမှုတွေ ဖြန့်ကျက် လုပ်ဆောင်ဖို့ အဖွဲ့ခွဲသစ်တခု ဖွဲ့စည်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ၅၅ မိနစ်ကြာ ဗွီဒီယိုထဲမှာ ဒီအဖွဲ့ခွဲသစ် ဖွဲ့ဖို့ ၂ နှစ်ကြာ ပြင်ဆင်ခဲ့ရတယ်ဆိုပြီးတော့လည်း Zawahiri က ပြောဆိုခဲ့ပါတယ်။
Al-Qaida အဖွဲ့ဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတွေမှာ အဓိက တက်ကြွလှုပ်ရှားနေတာ မှန်ပေမဲ့၊ အခု အဖွဲ့ခွဲသစ်ကတော့ အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ် ဆိုပြီးတော့လည်း ပြောဆိုပါတယ်။ အခုလို အကြမ်းဖက် အဖွဲ့ခွဲသစ် ဖွဲ့စည်းလိုက်တာဟာ အိန္ဒိယ ဝန်ကြီးချုပ်သစ် Narendra Modi အတွက်တော့ စိန်ခေါ်မှုတခုဖြစ်နေတာပါ။
Gujarat ပြည်နယ် အုပ်ချုပ်ရေးမှုးဘဝမှာထဲက မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ပါတ်သတ်ပြီးတော့ နှုတ်ဆိတ်နေခဲ့တာကြောင့် Mr. Modi ဟာ ပစ်တင်ဝေဖန်မှုတွေ ခံခဲ့ရဘူးပါတယ်။ အိန္ဒိယနိုင်ငံ လူဦးရေ ၁၅ ရာခိုင်နှုန်း ဖြစ်တဲ့ ၁၇၅ သန်းဟာ မူဆလင်တွေဖြစ်ပြီးတော့ ဒါဟာ ကမ္ဘာမှာ တတိယ မူဆလင် လူဦးရေ အများဆုံး နေထိုင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
ဒီဗွီဒီယိုအပေါ် ဝန်ကြီးချုပ် Modi က တိုက်ရိုက် တုန့်ပြန်ပြောဆိုတာမျိုး မရှိပေမယ့် အာဏာရ Bharatiya Janata ပါတီရဲ့ ပြောခွင့်ရက ဒီကိစ္စအပေါ် စိုးရိမ်ပူပန်မိကြောင်း ပြောဆိုပါတယ်။