ရွေးကောက်ပွဲပြီးရင် အိန္ဒိယ ဝန်ကြီးချုပ် အနားယူမည်

အိန္ဒိယဝန်ကြီးချုပ် သတင်းစာရှင်းလင်းပွဲပြုလုပ် (ဇန်နဝါရီလ ၃၊ ၂၀၁၄)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်က အခုနှစ်နှောင်းပိုင်းရွေးကောက်ပွဲပြီးရင် သူ့အနေနဲ့ နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ပြောဆိုလိုက်ပါတယ်။
အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာမန်မိုဟာဆင်းက သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ အခုနှစ်ထဲ ပြုလုပ်မယ့် ရွေးကောက်ပွဲအပြီး အသစ်တက်လာမယ့် ဝန်ကြီးချုပ်ရဲ့ လက်ထဲကို အာဏာ လွှဲပေးမယ်လို့ ပြောဆိုလိုက်တာပါ။

တကယ်လို့သာ လက်ရှိအုပ်ချုပ်နေတဲ့ သူ့ရဲ့ ကွန်ဂရက်စ် ပါတီသာ တတိယအကြိမ် ဆက်ပြီး အနိုင်ရခဲ့မယ်ဆိုရင် ဝန်ကြီးချုပ်တာဝန်ကို မစ္စတာ ရာဟူးဂန္ဒီ ဆက်ခံသင့်တယ်လို့ သူကပြောဆိုပါတယ်။
ဒါပေမယ့် နိုင်ငံတဝှမ်း စစ်တမ်းကောက်ယူနေရာမှာ အများပြည်သူတွေကတော့ နာရန်ဒရာ မိုဒီ ဦးဆောင်တဲ့ အတိုက်ခံ ဘာရာတီယာ ဂျာနာဒါး Bharatiya Janata ပါတီ က သာ ရွေးကောက်ပွဲမှာ အနိုင်ရဖွယ်ရှိတယ်လို့ ဆိုနေပါတယ်။
မစ္စတာ မိုဒီသာ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုရင် ဒုက္ခရောက်ကုန်ကြလိမ့်မယ်လို့ မစ္စတာ မန်မိုဟန်ဆင်းကပြောပါတယ်။

မစ္စတာမိုဒီဟာ နိုင်ငံအနောက်ပိုင်း ဂူဂျာရတ် Gugarat ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၀၂ ခုနှစ် သူအဲဒီပြည်နယ်မှာ အာဏာရပြီး မကြာခင် ဖြစ်ပွားခဲ့တဲ့ မွတ်ဆလင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကိုင်တွယ်ရာမှာ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ့အရေးအခင်းတုန်းက လူပေါင်း တစ်ထောင်ကျော် သေဆုံးခဲ့ပါတယ်။

မိုဒီကို ထောက်ခံသူတွေကတော့ အဲဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်းမှာ သူဟာ အုပ်ချုပ်ရေးကို ပိုင်ပိုင်နိုင်နိုင် လုပ်လာနိုင်ခဲ့ပြီး တိုးတက်အောင် လုပ်ဆောင်လာနိုင်ခဲ့တဲ့အတွက် မွတ်ဆလင်တွေ အပါဝင် ပြည်နယ် အတွင်းမှာရှိတဲ့ လူ သန်းပေါင်း ၆၀ ရဲ့ ထောက်ခံမှုကို ရလာခဲ့သူဖြစ်တယ်လို့ ပြောကြပါတယ်။