အိန္ဒိယလုံခြုံရေး ညီလာခံမှာ မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေအရေး ဦးစားပေး ဆွေးနွေးမည်

မြန်မာနဲ့နယ်စပ် အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်ထဲမှာ လူမျိုးရေးအဓိကရုဏ်းတွေဖြစ်နေချိန် လုံခြုံရေးယူကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဇွန် ၂၀၊ ၂၀၂၃)

အိန္ဒိယနိုင်ငံ၊ Odisha ပြည်နယ်မှာ ဒီကနေ့ စတင်ပြီး ၃ ရက်ကြာ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ရဲအုပ်နဲ့ ရဲအရာရှိများဆိုင်ရာ ညီလာခံမှာ အိမ်နီးချင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေမှာ ကြီးထွားလာ နေတဲ့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးကြဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊​ မဏိပူရပြည်နယ်အတွင်းက အသက်သေဆုံးမှု တွေ ရှိနေတဲ့လူမျိုးရေးအဓိကရုဏ်းတွေမှာ မြန်မာနိုင်ငံဘက်က အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ပါဝင် ပတ်သက်မှုရှိနေတယ်ဆိုတဲ့စွပ်စွဲ​ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။​

တချိန်တည်းမှာပဲ မြန်မာစစ်ကောင်စီကို တရုတ်အစိုးရက စစ်ရေး၊​ နိုင်ငံရေးအရ ထောက်ပံ့ကူညီပေးနေ တာတွေကအိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်ပေါ်စေတာကြောင့် ဒီ ညီလာခံအတွင်း အိမ်နီးချင်း မြန်မာနိုင်ငံအတွင်းက အခြေအနေတွေနဲ့ ဒေသတွင်းမှာ တရုတ်တို့ရဲ့ ဩဇာ လွှမ်းမိုးမှု ကိစ္စတွေကို ဦးစားပေး ဆွေးနွေးဖို့ ဖြစ်လာတာပါ။

အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတလျှောက်မှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ခြံစည်းရိုးတွေတည်ဆောက်သွားဖို့ စီစဉ်နေပေမယ့် မီဇိုးရမ်းပြည်နယ်အပါအဝင် ဒေသခံ ဌာနေတိုင်းရင်းသားတချို့က ကန့်ကွက်နေကြပါတယ်။

နှစ်စဉ်ကျင်းပတဲ့ ဒီ အိန္ဒိယနိုင်ငံရဲ့ အရေးပါတဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံကို ဝန်ကြီးချုပ် Narendra Modi ကိုယ်တိုင်တက်ရောက်မှာ ဖြစ်တဲ့အပြင်၊ ပြည်ထဲရေးဝန်ကြီးနဲ့ အိန္ဒိယ ရဲတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ လက်အောက်ခံ အဖွဲ့အစည်းအသီးသီးကအကြီးအကဲနဲ့ အရာရှိကြီးတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။​