ကုန်သွယ်ရေးဆိုင်ရာ အမေရိကန်လုပ်ရပ် အိန္ဒိယ ဝေဖန်

ကုန်သွယ်ရေးဆိုင်ရာ အမေရိကန်လုပ်ရပ် အိန္ဒိယ ဝေဖန်

စီးပွားရေး ပြန်လည် နာလန်ထူလာစေရေးကို နှောင့်နှေးစေမယ့် လုပ်ရပ်အဖြစ် အမေရိကန် ပြည်ထောင်စုက စီးပွားရေးဆိုင်ရာ မူဝါဒတွေအပေါ် အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးက ဝေဖန်လိုက်ပါတယ်။

ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ ဆောင်ရွက်ချက်တွေကို အမေရိကန် ပြည်ထောင်စုက ကျင့်သုံးတာဟာ သူ့အဆိုအရ ဘယ်လိုစီးပွားရေးအတွက်မှ အထောက်အကူ မဖြစ်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး Anand Sharma က အိန္ဒိယနိုင်ငံက နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ Infosys ရဲ့ ဘင်္ဂလိုးမြို့က ညီလာခံတခုအတွင်းမှာ မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။

အစိုးရစီမံကိန်းတွေ အတွက် ပြည်ပက လုပ်ငန်းတွေကို ငှားရမ်းစေခိုင်းတာတွေကို အမေရိကန် ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ်က မကြာသေးခင်တုန်းကပဲ တားမြစ်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းဖို့ တခြား ပြည်နယ်တွေကလည်း အလားတူ လိုက်လံဆောင်ရွက်လာမှာကို အိန္ဒိယနိုင်ငံက စိုးရိမ်နေတာပါ။

ကျွမ်းကျင်လုပ်သားတွေ အလုပ်လုပ်ကိုင်ခွင့် ဗီဇာကြေးကို ဒေါ်လာ ၂,၀၀၀ ထက်မနည်း အမေရိကန်က တိုးမြှင့် သတ်မှတ်လိုက်တာကိုလည်း အိန္ဒိယက ကန့်ကွက်ထားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ဒေါ်လာသန်းပေါင်း ၆ သောင်း တန်ဘိုးရှိတဲ့ သတင်းနည်းပညာ (IT) လုပ်ငန်းတွေရဲ့ ဝင်ငွေ ၃ ပုံ ၂ ပုံလောက်ကို အမေရိကန်မှာ အခြေစိုက်ထားတဲ့ ကုမ္ပဏီတွေက ရရှိနေတာပါ။

ဒီလထဲ ဝါရှင်တန်မြို့တော်မှာ ကျင်းပမယ့် ကုန်သွယ်ရေး မူဝါဒဆိုင်ရာ နှီးနှောဖလှယ်ပွဲအတွင်း ဒီကိစ္စကို အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး သွားမယ်လို့လည်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။