အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတွေအကြား စီးပွားရေးနဲ့ မဟာဗျူဟာ ဆက်ဆံရေး သိသိသာသာ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ အတွက် နှစ်နိုင်ငံအစိုးရဝန်ကြီးတွေ ကြိုးပမ်းနေကြသလို၊ နှစ်နိုင်ငံဆက်ဆံရေးအတွက် အခုလောက် အရေးကြီးတဲ့အချိန်အခါ မရှိနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
ဒုတိယအကြိမ်မြောက် အမေရိကန်-အိန္ဒိယ မဟာဗျူဟာနဲ့ စီးပွားရေး တွေ့ဆုံဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတာပါ။
ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုမို ကြီးမားလာနေတဲ့ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ နှစ်နိုင်ငံစလုံးက စိုးရိမ်မှုတွေ တိုးလာနေချိန်မှာ အိန္ဒိယအစိုးရ အနေနဲ့ အစဉ်အဆက် ဘက်မလိုက်မူဝါဒ ကျင့်သုံးလာရာကနေ အမေရိကန်အစိုးရနဲ့ ပိုမို နီးကပ်တဲ့ ဆက်ဆံရေး ထားရှိဖို့ ကြိုးစားတဲ့ သိသာထင်ရှားတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ဆောင် လာခဲ့တဲ့အထဲမှာ နောက်ဆုံးဆွေးနွေးမှုလည်း ဖြစ်ပါတယ်။
နှစ်နိုင်ငံ ဆက်ဆံရေး အားကောင်းမှုဟာ ဘယ်တုန်းကမှနဲ့မတူတဲ့ အားကောင်းမှုမျိုး ဖြစ်တယ်လို့ ဒီတွေ့ဆုံမှုဖြစ်ရေး ဦးဆောင်ကြိုးပမ်းခဲ့တဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ကုန်သွယ်ရေးဆိုင်ရာ အဟန့်အတား အတော်များများကို အိန္ဒိယနိုင်ငံနိုင်ငံက ဖယ်ရှားပေးခဲ့ပြီး အမေရိကန်အစိုးရနဲ့ နှစ်စဉ် နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏကို ငါးဆတိုးပြီး ဒေါ်လာ ၅၀၀ ဘီလျံအထိ တိုးမြှင့်သွားဖို့ ရည်ရွယ်လုပ်ဆောင်နေတာပါ။ ဒီရည်ရွယ်ချက် အောင်မြင်ဖို့အတွက် အခုတွေ့ဆုံပွဲကို တက်ရောက်နေသူတွေ အနေနဲ့ ရဲရဲကျင့် မြင့်မြင့်ကြံ ကြရလိမ့်မယ် အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Penny Pritzker က ပြောပါတယ်။
Your browser doesn’t support HTML5