အိန္ဒိယဂီတပညာရှင် Ravi Shankar ကွယ်လွန်

အိန္ဒိယ ဂီတပညာရှင် Ravi Shankar

Beatles တွေရဲ့ တေးဂီတ ဘိုးအေကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ အိန္ဒိယဂီတပညာရှင် Sitar တူရိယာကို အထူးကျွမ်းကျင်သူ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ Ravi Shankar ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

နာမကျန်းဖြစ်နေတာ ကြာပြီဖြစ်တဲ့ Ravi Shankar ဟာ အမေရိကန် အနောက်ပိုင်း ကယ်လီဖိုးနီးယား ဆေးရုံမှာကွယ်လွန်သွားခဲ့တာပါ။ သူ့ကို ခွဲစိတ်ဖို့အတွက် မကြာသေးခင်ကပဲ ဆေးရုံတင်ခဲ့တာလို့ သူ့မိသားစုက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သူဟာ အိန္ဒိယနိုင်ငံက ကျော်ကြားတဲ့ တေးဂီတပညာရှင်ကြီး ဖြစ်ပါတယ်။ သူကွယ်လွန်သွားတဲ့ အတွက် အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန်ဆင်းက သူ့ရဲ့Twitter မှာ ဝမ်းနည်းကြောင်း ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ခဲ့ပြီး သူဟာ အိန္ဒိယနိုင်ငံရဲ့ ရတနာတပါးဖြစ်သလို အိန္ဒိယရိုးရာ ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် ဆောင်ကျဉ်းပေးတဲ့ သံတမန်တဦးလို့ ခေါ်ဆိုခဲ့ပါတယ်။

Ravi Shankar နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ Beatle တေးဂီတပညာရှင် George Harrison တို့တွဲပြီး ဘန်ဂလာဒက်ရှ်နိုင်ငံမှာ ၁၉၇၁ ခုနှစ် ကပွဲအပါအဝင် ဖျော်ဖြေပွဲတွေ အများအပြားကျင်းပခဲ့ပါတယ်။ သူဟာ တယောပညာရှင် Yehudi Menuhin နဲ့လည်း အတူလက်တွဲ ဖျော်ဖြေခဲ့ပါတယ်။

အခု အမေရိကန် နိုင်ငံက ကျော်ကြားတဲ့အဆိုတော် Norah Jones ဟာ Ravi Shankar ရဲ့ သမီးဖြစ်ပါတယ်။