နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရပြီးတဲ့နောက် လုပ်ငန်းခွင်တွေ၊ စာသင်ကျောင်းတွေမှာ လူနည်းစုတွေအပေါ် ဝေဖန် ပြောဆိုမှုတွေ တိုးမြင့် ဖြစ်ပေါ်လာနေတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြနေကြတဲ့အချိန်မှာပဲ Indiana ပြည်နယ်မြို့တော် Indianapolis မြို့တော်ဝန်က ဒေသခံ မြန်မာတွေကို ခေါ်ယူတွေ့ဆုံပြီး စိုးရိမ်သောက မရှိကြဖို့အတွက် အားပေးစကား ပြောကြားခဲ့ပါတယ်။ Indianapolis မြို့တော်မှာ နေထိုင်တဲ့ မြန်မာနွယ်ဖွားတွေဟာ မြို့ရဲ့ တတိယလူဦးရေ အများဆုံး အဆင့်မှာ ရှိနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေအတွင်း အဲဒီအချိန်က ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump က အမေရိကန်နိုင်ငံအတွင်း တရားမဝင် လာရောက် နေထိုင်သူတွေကို ပုတ်ခတ် ပြောဆိုခဲ့သလို သန်းနဲ့ချီတဲ့ အဲဒီ တရားမဝင်သူ လာရောက် နေထိုင်သူတွေကိုလည်း နေရပ်ပြန်ပို့မယ်လို့ ရွေးကောက်ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
Donald Trump သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးတဲ့နောက်မှာတော့ သူ့ကို ထောက်ခံသူတွေက လုပ်ငန်းခွင်တွေ၊ စာသင်ကျောင်းတွေမှာ လူမျိုးခြားတွေကို တိုင်းပြည်အတွင်းကနေ မောင်းထုတ်ပစ်မယ်ဆိုပြီး ပုတ်ခတ် ပြောဆိုတာ၊ ဂျူးလူမျိုးတွေရဲ့ ဘုရားကျောင်းတွေနဲ့ တခြား စာသင်ကျောင်းတွေမှာ လူမျိုးရေးဆန်တဲ့ စာတွေကို ရေးတာတွေ လုပ်လဲ့တာပါ။
တချိန်ထဲမှာပဲ အမေရိကန်နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေ အပါအဝင် တခြား အခြေချ လာရောက် နေထိုင်သူတွေအကြား စိုးရိမ်မှုတွေ ကြီးထွားလာနေကြောင်း သတင်းမီဒီယာတွေမှာ ရေးသား ပြောဆိုမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။
Donald Trump ရဲ့ ဒုသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ Mike Pence ဟာ Indiana ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။ Indiana ပြည်နယ်မှာ မြန်မာဒုက္ခသည်နဲ့ တခြား မြန်မာနိုင်ငံကနေ ရွှေ့ပြောင်း နေထိုင်သူ စုစုပေါင်း ၃ သောင်းကျော် ရှိနေတာမှာ Indianapolis မြို့ တခုထဲမှာတင် မြန်မာနွယ်ဖွား ၁ သောင်းခွဲကျော် ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း မြို့တော်မှာ တတိယ လူဦးရေ အများဆုံး လူမျိုးစုနွယ်ဖြစ်တဲ့ မြန်မာနိုင်ငံသားတွေကို Indianapolis က မြို့တော်ဝန် Joe Hogsett က နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ခေါ်ယူ တွေ့ဆုံပြီး စိုးရိမ်မှုတွေ မရှိကြဖို့အတွက် အားပေးစကား ပြောကြားခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ Burmese American Community Institute - အမေရိကန် မြန်မာလူမှုရေးအသင်း ဘုတ်အဖွဲ့ရဲ့ ညွန်ကြားရေးမှူး ဒေါက်တာ Ro Dinga က ပြောပါတယ်။
“အကူးအပြောင်းကာလမှာပေါ့နော် အမေရိကန်သမ္မတလည်း အကူးအပြောင်းဖြစ်မယ့် ကာလဖြစ်တယ်။ အဲဒီမှာ ဒီလို ဗမာပြည်သားတွေကို စုပြီးတော့ မြို့တော်ဝန်ကနေ လာတွေ့တယ်ဆိုတာက အဲဒီကိစ္စပေါ့နော်။ တရားဥပဒေစိုးမိုးရေး သက်သက်မဟုတ်ဘဲနဲ့ လူနည်းစုတွေကို စိတ်ဓာတ်ရေးရာ အားပေးဖို့၊ နောက် ခွဲခြားဆက်ဆံမှုတွေ ဘာတွေ သမ္မတအပြောင်းအလဲမှာရှိရင် သူတို့အနေနဲ့ အမြဲတမ်း ရပ်တည်ပေးတယ်ဆိုတဲ့ဟာကို လာပြတာလို့ ကျနော် ယူဆပါတယ်။ မြို့တော်ဝန်ပြောတဲ့ကိစ္စမှာလည်း ပညာရေးအပြင် အဓိက သူပြောတာတော့ တရားဥပဒေစိုးမိုးရေးပေါ့နော်။ Indianapolis Department လည်း ခေါ်လာတယ်။ ရဲအရာရှိတွေ တော်တော်များများ ပါလာတယ်လေ။ ဆိုတော့ သူတို့ကနေ ခွဲခြားဆက်ဆံမှုရှိရင် နောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပြီးတော့ ဗမာပြည်သားတွေကို တစုံတခု အနှိမ်ခံရတာတို့ ပစ်ပယ်ခံရတာတို့၊ မှုခင်းဆိုင်ရာ ကျူးလွန်မှုရှိရင် ရဲအဖွဲ့ကရော၊ မြို့တော်ဝန်အနေနဲ့ကရော အချိန်မရွေး သူတို့ အကူအညီပေးမယ်ဆိုတဲ့ဟာကို သူတို့ လာပြီးတော့ ရှင်းပြတာဖြစ်ပါတယ်။”
မြို့တော်ဝန်ရဲ့ ရုံးကတာဝန်ရှိသူတွေက ဦးဆောင် စီစဉ်ပြီး Indianapolis မြို့တော် ကောင်စီဝင်တွေလည်း တက်ရောက်ခဲ့တဲ့ ဒီတွေ့ဆုံပွဲအတွက် မြန်မာနွယ်ဖွားတွေကို ဘယ်လို ဖိတ်ကြားခဲ့တယ်ဆိုတာကိုလည်း ဒေါက်တာ Ro Dinga က အခုလို ရှင်းပြပါတယ်။
“Chin Community of Indiana ရယ်၊ Burmese American Community Institute ရယ်ကို ဆက်သွယ်ပြီးတော့ Church တခုပေါ့နော် ဒီမှာ ချင်းတော်တော်များများ Church နဲ့ ပေါင်းစည်းတယ်ဆိုတော့ Church အသင်းသားတွေဖြစ်တယ်ဆိုတော့ ဘုရားကျောင်းတခုဆီကနေ သင်းအုပ်ဆရာတယောက်လောက် ခေါင်းဆောင် ၅ ယောက်ပေါ့ အဲ့လိုလာဖို့ BACI ရော၊ CCI ရော အဲဒါ သဘောတူပြီးတော့ ဖိတ်တာဖြစ်ပါတယ်။”
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Donald Trump အနိုင်ရပြီးတဲ့နောက် သူ့ကို ထောက်ခံသူတွေက လူနည်းစု လူမျိုးခြားတွေအပေါ် ပုတ်ခတ် ပြောဆို၊ ရေးသားမှုတွေ တဘက်မှာ ဖြစ်နေသလိုပဲ Donald Trump သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရတာကို ဆန့်ကျင်တဲ့သူတွေကလည်း အမေရိကန်နိုင်ငံ တဝှမ်းက မြို့ကြီးတွေမှာ အခုချိန်ထိ ဆက်လက် ကန့်ကွက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
Indianapolis မြို့တော်ဝန် ဒေသခံမြန်မာတွေနဲ့ တွေ့ဆုံ