အင်ဒိုနီးရှား မိုင်းလုပ်သား ၃၀ ကျော် ပိတ်မိနေ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဖျားက Papua ပြည်နယ်မှာရှိတဲ့ ရွှေနဲ့ ကြေးနီ သတ္ထုမိုင်းထဲက လှိုဏ်ခေါင်းတခု ပြိုကျခဲ့တာမို့ အထဲမှာ တွင်းတူးလုပ်သား ၃၀ ကျော်လောက် ပိတ်မိနေပါတယ်။

Papua ဒေသ Mimika အရပ်က အမေရိကန်ကုမ္ပဏီက တူးဖော်နေတဲ့ Grasberg သတ္ထုတွင်းမှာ အင်္ဂါနေ့ မနက်က တွင်းပြိုကျမှု ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီမှာ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ Papua ရဲဌာန ပြောခွင့်ရက ပြောပါတယ်။ ဒါပေမဲ့ ပိတ်မိနေတဲ့ တွင်းတူးလုပ်သားတွေရဲ့ အခြေအနေကို အခုထိ သေသေချာချာ မသိရသေးဘူးလို့ ဆိုပါတယ်။

Arizona ပြည်နယ်အခြေစိုက် အမေရိကန် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Freeport McMoRan ကြေးနီနဲ့ ရွှေသတ္ထုတူးဖော်ရေး လုပ်ငန်းရဲ့ အဲ့ဒီသတ္ထုတွင်းကို အုပ်ချုပ်နေတဲ့ အင်ဒိုနီးရှားဌာနခွဲက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တွင်းတူး သင်တန်းပေးနေတဲ့ နေရာက လှိုင်ခေါင်းတစ်ခု ပြိုကျတာလို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲ့ဒီအထဲမှာ လုပ်သား ဘယ်နှစ်ယောက် ရှိနေတယ်ဆိုတာနဲ့ သေဆုံး ဒဏ်ရာရမှု ရှိ - မရှိတော့ အခုထိ မပြောသေးပါဘူး။ ဒါ့အပြင် ကယ်ဆယ်ရေး လုပ်ငန်းဟာ အခက်အခဲတွေ ရှိနိုင်တာမို့ အချိန် ကြန့်ကြာနိုင်တယ်လို့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

ဒီရွှေနဲ့ ကြေးနီသတ္ထုတွင်းမှာ အလုပ်သမားပေါင်း ထောင်ပေါင်းများစွာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။