အင်ဒိုနီးရှား လေယာဉ်ပျက်ရှာသူတဦး သေဆုံး

Indonesia Lion Air Crash

အင်ဒိုနီးရှားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ လေယာဉ်အပိုင်းအစတွေကို ရှာဖွေသူ ရေငုပ်သမား တဦး သေဆုံးသွားကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေကပြောပါတယ်။ Lion Air လေကြောင်းအမှတ် JT 610 ဟာ တနင်းလာနေ့က ဂျကာတာကနေ ပျံတက်ခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပဲ Java ပင်လဲထဲ ပျက်ကျခဲ့တာပါ။

အသက် ၄၈ နှစ်အရွယ် အင်ဒိုနီးရှား ရေငုပ်သမား Syachrul Anto ဟာ သောကြာနေ့မှာ ရေဖိအားနဲ့ ပတ်သက်တဲ့ မတော်တဆဖြစ်ရပ်ကြောင့် ကွယ်လွန်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Anto ဟာ စက်တင်္ဘာလအတွင်း မြေငလျင်နဲ့ ဆူနာမီဒဏ်ခံရတဲ့ Palu ဒေသက ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း ကူညီခဲ့သူပါ။ ဒါ့အပြင် လွန်ခဲ့တဲ့ ၄ နှစ် နီးပါးက Air Asia လေယာဉ်ပျက်ကျရာမှာလည်း ခရီးသည်တွေ ကယ်ထုတ်စဉ်မှာ ပါဝင်ကူညီခဲ့ပါသေးတယ်။

လေယာဉ် ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေကို မှတ်တမ်းတင်ပေးထားတဲ့ Black Box တွေ ကိုတော့ အင်ဒိုနီးရှား ရေတပ် ရေငုပ်သမားတွေက ရှာဖွေတွေ့ရှိထားပါတယ်။ ဆီစား သက်သာ အောင် အခုနောက်ဆုံး ထုတ်လုပ်ထားတဲ့ Boeing 737 MAX 8 လေယာဉ်အမျိုးအစာ ပထမဆုံး ပျက်ကျတာလည်း ဖြစ်တာကြောင့် ဒီလေယာဉ် အမျီုးအစားအားလုံးကို ပြန်ပြီး စစ်ဆေးဖို့ အင်ဒိုနီး ရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

Lion Air လေကြောင်းလိုင်းဟာ ဒေါ်လာ ၆.၂ ဘီလျံဖို့း လေယာဉ်သစ် အစီး ၅၀ မှာယူထားတာပါ။ အခုပျက်ကျတဲ့လေယာဉ်ဟာ ၂ လသာ ပျံသန်းရသေးတာဖြစ်ပြီး ဒီပျက်ကျမယ့် ခရီးစဉ် မတိုင်ခင် ညမှာ အပန်းဖြေကျွန်း ဘာလီကနေ ဂျကာတာကို ပျံသန်းလာရာမှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာ ရှိခဲ့ပေမယ့် ပြန်လည်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ အာဏာပိုင်တွေ Lion Air ပြုပြင်ထိန်းသိမ်းရေး ညွှန်ကြားရေးမှူးနဲ့ လေယာဉ်ကို ပျံသန်းခွင့်ပြုခဲ့တဲ့ ပြုပြင်ထိန်းသိမ်းရေး တာဝန်ရှိသူတွေကို လုပ်ငန်းခွင်ကနေ ရပ်နားထားခိုင်းပါ တယ်။ လေယာဉ်ပျက်ကျရာမှာ လေယာဉ်ပေါ်လိုက်ပါသွားသူ ခရီးသည် ၁၈၉ ဦးနဲ့ အမှုထမ်းတွေ အားလုံး သေဆုံးသွားပါတယ်။ အရှိန်အဟုန်နဲ့ ကြီးထွားလာနေတဲ့ အင်ဒိုနီးရှား လေကြောင်း လုပ်ငန်းဟာ ခရီးသည်ဘေးကင်းလုံခြုံရေးမှာ ပေါ့ဆတာကြောင့် အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဟာ သူတို့နိုင်ငံတွေမှာ ဒီလေကြောင်းလိုင်း ပျံသန်းခွင့်ကို အရင်က ပိတ်ပင်ခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှား လေယာဉ်ပျက်ရှာသူတဦး သေဆုံး