အင်ဒိုနီးရှား လူကုန်ကူးမှု ကော်မတီဖွဲ့ စုံစမ်းမည်

အင်ဒိုနီးရှားနိုင်ငံထဲက ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာငါးဖမ်းသင်္ဘောသားများ

အင်ဒိုနီးရှားနိုင်ငံအတွင်းက ငါးဖမ်းလုပ်ငန်းမှာ ကျွန်ပြုခိုင်းစေမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ ထွက်ပေါ်နေတာကြောင့် အဲဒီကိစ္စကို အထူးအဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အင်ဒိုနီးရှားအစိုးရက ကြေညာလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံထဲက ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသား သင်္ဘောသားတွေကို သူတို့ တိုင်းပြည်အသီးသီးကို ပြန်ပို့ဖို့ အာဏာပိုင်တွေက စီစဉ်နေတဲ့အချိန်မှာပဲ အဲဒီလိုကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေက သင်္ဘောသား ၁၀၀၀ လောက်ကို အလုပ်ခန့်ထားတဲ့ အင်ဒိုနီးရှား ငါးဖမ်းကုမ္ပဏီဟာ တိုင်းပြည်အရှေ့ပိုင်းက ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ကျွန်ပြုခိုင်းစေပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်နေတယ်ဆိုပြီး သင်္ဘောသားတချို့က တိုင်ကြားခဲ့တယ်လို့ အင်ဒိုနီးရှား တရားမဝင် ငါးဖမ်းလုပ်ငန်း ဟန့်တားရေးအဖွဲ့ အကြီးအကဲ Mas Achmad Santosa က ပြောပါတယ်။

အင်္ဂါနေ့က သမ္မတ Jok Widodo ဦးဆောင်ပြုလုပ်တဲ့ အစိုးရဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ အဲဒီကိစ္စကို ဦးစားပေး အကြောင်းအရာအဖြစ် ထည့်သွင်းဆွေးနွေးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဒီပြဿနာနဲ့ တရားမဝင် ငါးဖမ်းလုပ်ငန်းကို အလေးအနက်ထား ကိုင်တွယ် ဖြေရှင်းမယ်ဆိုတာ ပြသဖို့လိုကြောင်း ငါးလုပ်ငန်းဝန်ကြီး Susi Pudjiastuti က အဲဒီဝန်ကြီးအဖွဲ့ စည်းဝေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

တရားမဝင် ငါးဖမ်းတဲ့ကုမ္ပဏီတွေက ပစ်ချထားခဲ့တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံထဲက ဝေးလံ ခေါင်ဖျားတဲ့ဒေသတွေမှာ ပိတ်မိနေတဲ့ ငါးဖမ်းသမား လေးထောင်လောက်ရှိမယ်လို့ IOM နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ခန့်မှန်းထားပါတယ်။ မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံကနေ ပြန်လည် ကယ်တင်လိုက်နိုင်တဲ့ ငါးဖမ်းသင်္ဘောသား ၃၀၀ ကျော်ထဲမှာ ကမ္ဘောဒီးယားနိုင်ငံသား ၅၈ ယောက်လည်း ပါဝင်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံထုတ် သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြထားပါတယ်။