အင်ဒိုနီးရှား Asian Games - အားကစား ၉ မျိုး မြန်မာ ယှဉ်ပြိုင်မည်

Indonesia Asian Games ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာအားကစားအဖွဲ့ Gelora Bung Kamo အားကစားရုံအတွင်းသို့ ချီတက်လာစဉ်

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ Asian Games အာရှအားကစားပွဲတော်ဖွင့်ပွဲကို စနေနေ့က ကျင်းပပြီး သမ္မတ ဂျိုကို ဝီဒိုဒို ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောပါတယ်။

ဖွင့်ပွဲအခမ်းအနား တက်ရောက်သူတွေ အထူး အော်ဟစ် အားပေးကြတာကတော့ ကိုရီးယားနှစ်နိုင်ငံက အားကစားသမားတွေ “ပေါင်းစည်းရေး” အလံနောက်မှာ ဘေးချင်းယှဉ်လျှောက်ပြီး ကွင်းထဲဝင်လာကြတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံက အားကစားသမားတွေ တသင်းထဲမှာ ပူးတွဲပြီး အားကစားနည်း အတော် များများမှာ ယှဉ်ပြိုင် ကြဖို့ရှိတဲ့ထဲ အမျိုးသမီး ဘတ်စကက်ဘောနဲ့ လှေလှော်ပြိုင်ပွဲတွေလည်း ပါဝင်ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက အမျိုးသား ဘောလုံးအသင်းအပါအဝင် အားကစားသမား ၁၁၂ ယောက်ဟာ အားကစားနည်း ၉ မျိုးမှာ ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။

မြန်မာ U-23 အမျိုးသား ဘောလုံးအသင်းဟာ သြဂုတ်လ ၁၇ ရက် သောကြာနေ့က ဆော်ဒီ အာရေးဘီးယား အသင်းနဲ့ အုပ်စု ဒုတိယပွဲယှဉ်ပြိုင်တာမှာ ၃ ဂိုးပြတ်နဲ့ ရှုံးတာကြောင့် နှစ်ပွဲကစား၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ၁ မှတ်ပဲ ရထားသေးပြီး သြဂုတ်လ ၂၀ ရက်၊ တနင်္လာနေ့မှာ အီရန်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အီရန်အသင်းကတော့ သောကြာနေ့က မြောက်ကိုရီးယားနဲ့ပွဲမှာ ၃ ဂိုးပြတ်နဲ့နိုင်တာကြောင့် လက်ရှိမှာ ဆော်ဒီအသင်းနဲ့ ရလဒ်တူ အုပ်စုပထမအနေနဲ့ ရပ်တည်နေပါတယ်။

ဆော်ဒီအသင်းနဲ့ မြောက်ကိုရီးယားတို့ရဲ့ အုပ်စုနောက်ဆုံးပွဲကိုလည်း တနင်္လာနေ့မှာပဲ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှား Asian Games - အားကစား ၉ မျိုး မြန်မာ ယှဉ်ပြိုင်မည်