လူ ၅၀ ကျော်ပါ လေယာဉ်တစင်း အင်ဒိုနီးရှားမှာ ပျောက်ဆုံး

ခရီးသည် ၅၄ ယောက် တင်ဆောင်ထားတဲ့ အင်ဒိုနီးရှားခရီးသည်တင် လေယာဉ်တစင်းဟာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဘက်က Papua ဒေသအတွင်း လေကြောင်းပျံသန်းမှု ထိန်းချုပ်ရေးစင်တာနဲ့ အဆက်အသွယ်ပြတ်သွားပြီး ပျောက်ဆုံးနေပါတယ်။

ဒီလေယာဉ်ဟာ တောင်ကိုတိုက်မိပြီး ပျက်ကျမသွားခင်မှာ ခပ်နိမ့်နိမ့် ပျံသန်းသွားတာ ဖြစ်တယ်လို့ ဒေသခံတွေက အာဏာပိုင်တွေကို ပြောတဲ့အကြောင်း AP သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

Papua ဒေသမြို့တော် Jayapura က Sentani လေဆိပ်ကနေ ပျံတက်သွားပြီး နာရီဝက်အကြာမှာ Trigana လေကြောင်းလိုင်းက လေယာဉ် ဒီကနေ့ ပျောက်ဆုံးသွားတာပါ။ ဒီလေယာဉ်ဟာ Papua ဒေသထဲက Oksibil မြို့ကို ဦးတည်ပျံသန်းခဲ့တာပါ။

လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေထဲမှာ လူကြီး ၄၄ ဦးနဲ့ ကလေး ၅ ဦး၊ လေယာဉ်အမှုထမ်း ၅ တို့ ပါဝင်ပါတယ်။ လေယာဉ်နဲ့ အဆက်အသွယ် မပြတ်တောက်မီမှာ အရေးပေါ် အကြောင်းကြားခဲ့တာမျိုး မရှိဘူးလို့ CNN သတင်းမှာ ဖော်ပြပါတယ်။ အခုအခါမှာတော့ တောင်ထူတပ်ပြီး ရာသီဥတုဆိုးရွားနေတဲ့ အဲဒီနေရာမှာ ညအမှောင်ကြောင့် လေယာဉ်ရှာဖွေမှုကို ယာယီရပ်စဲခဲ့ပြီး တနင်္လာနေ့မှာ ရှာဖွေရေးလုပ်ငန်းတွေကို ပြန်လည် စတင်မှာပါ။ Trigana လေကြောင်းလိုင်းဟာ အင်ဒိုနီးရှားနိုင်ငံတွင်း ပျံသန်းနေတဲ့ လေကြောင်းလိုင်းတခု ဖြစ်ပါတယ်။