အင်ဒိုနီးရှားရွေးကောက်ပွဲ အကြမ်းဖက်တိုက်ခိုက်ခံရဖွယ်ရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရှိ ဆန္ဒပြသူများ (မေ၊ ၁၀၊ ၂၀၁၉)

အင်ဒိုနီးရှားနိုင်ငံမှာ ရွေးကောက်ပွဲရလဒ် ကြေညာဖို့ နီးလာတာနဲ့အမျှ အင်ဒိုနီးရှားမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေ လုံခြုံရေး အထူးသတိ ပြုကြဖို့ ဂျာကာတာမှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကို အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင် KPU က မေ ၂၂ ရက်မှာ ကြေညာဖို့ ရှိပါတယ်။

သောကြာနေ့က ထုတ်ပြန်တဲ့ အမေရိကန်သံရုံး ကြေညာချက်ထဲမှာတော့ အင်ဒိုနီးရှားရွေးကောက်ပွဲ နောက်ဆုံးရလဒ်နဲ့ ပတ်သက်လို့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ချေ အရမ်းများတယ်ဆိုတဲ့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ သတိပေးစကားကို ကိုးကား ဖေါ် ပြထားသလို၊ အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ အင်ဒိုနီးရှား နိုင်ငံသားတချို့ကို မကြာသေးခင်က ဖမ်းဆီးထားခဲ့တယ်ဆိုတဲ့ သတင်းတွေကိုပါ အမေရိကန်သံရုံး website မှာ ကိုးကားထားတာပါ။

ဒါ့အပြင် ဂျာကာတာမြို့တော်မှာရှိတဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံး အတော်များများနဲ့ ရွေးကောက်ပွဲ ကြီးကြပ်ရေးဘုတ်အဖွဲ့ရုံး အရှေ့တွေမှာပါ ဆန္ဒပြပွဲတွေ ဆက်ရှိနေတာကိုလည်း အမေရိကန်သံရုံးက သတိပေးထားပါတယ်။

အခုလို ရွေးကောက်ပွဲကာလအတွင်း နေရာအတော်များများမှာ ဗုံးထောင်ဖေါက်ခွဲဖို့ ကြံစည်ခဲ့တဲ့ လူ ၉ ဦးကို ဒီသီတင်းပတ် အစောပိုင်းမှာ ဖမ်းဆီးခဲ့ကြောင်း အမျိုးသားလုံခြုံရေး ရဲတပ်ဖွဲ့ ရဲမှူးကြီး Mohammad Iqbal က သောကြာနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားတဲ့ တပြိုင်နက်ထဲမှာပဲ အမေရိကန်သံရုံးရဲ့ သတိပေးချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၂၄ နှစ်ကနေ ၄၅ နှစ်ကြားရှိပြီး ဂျာဗားအခြေစိုက် Jemaah Ansharut Daulah (JAD) အကြမ်းဖက်အဖွဲ့ရဲ့ အမာခံတွေ ဖြစ်ကြပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှားရွေးကောက်ပွဲ အကြမ်းဖက်တိုက်ခိုက်ခံရဖွယ်ရှိ