ဂျကာတာ မြန်မာသံရုံး တိုက်ခိုက်ဖို့ကြိုးပမ်းသူ ရုံးတင်စစ်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့သူအဖြစ် စွပ်စွဲခံထားရသူ။ (၆ နိုဝင်ဘာ ၂၀၁၃)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့သူအဖြစ် စွပ်စွဲခံထားရသူ ၁ ဦးကို သေဒဏ်အထိ အပြစ်ပေးခံရနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပါအဝင် တခြားစွပ်စွဲချက်တွေနဲ့ ဒီကနေ့ပဲ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ အင်ဒိုနီးရှား နိုင်ငံသား Separiano ဆိုသူနဲ့အတူ နောက်ထပ် ၄ ယောက်တို့ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မူဆလင်တွေ ဖိနှိပ်ခံနေရတာကို မကျေနပ်လို့ လက်တုံ့ပြန် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တဲ့အကြောင်း တရားလို ရှေ့နေတွေက ပြောဆိုခဲ့ကြတာပါ။

ဖမ်းဆီးခံထားရတဲ့ နောက်ထပ် ၄ ယောက်ကိုလည်း ဒီတပတ်ထဲမှာပဲ ရုံးတင်စစ်ဆေးဖို့ စီစဉ်ထားပါတယ်။ အခုစတင် ရုံးထုတ်ခဲ့တဲ့သူနဲ့ နောက်တယောက်တို့ဟာ ဂျကာတာမြို့တော်က မြန်မာသံရုံးကို ဦးတည်ပြီး မော်တော်ဆိုင်ကယ် တစင်းနဲ့ သွားနေတုန်း ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကပဲ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တာ ဖြစ်တဲ့အကြောင်းလည်း ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ။

ဖမ်းမိတဲ့ အချိန်မှာ ကျောပိုးအိပ်ထဲက လက်လုပ်ဗုံး ၅ လုံး တွေ့ရှိခဲ့ရသလို၊ နောက်ပိုင်း သူတို့ငှားထားတဲ့ ဂျကာတာမြို့က အိမ်မှာလည်း ဖောက်ခွဲရေး ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဆက်နွယ်သူတွေကို ဆက်လက် စုံစမ်းရာမှာ အဓိက ကြိုးကိုင်စီစဉ်သူအဖြစ် စွပ်စွဲခံထားရသူတဦး အပါအဝင် သံသယရှိသူ ၃ ယောက်ကိုလည်း ထပ်မံ ဖမ်းဆီးခဲ့တာပါ။