တရားမဝင် ငါးဖမ်းလုပ်ငန်း နှိမ်နင်းရေး ထိုင်းနဲ့ အင်ဒို သဘောတူ

အင်ဒိုကျွန်းတွေပေါ်က ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာ ကျွန်ပြုခိုင်းစေခံနေရတဲ့ ရေလုပ်သားတွေ။

မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ ကျေးကျွန်လို ခိုင်းစေခံရမှုတွေနဲ့ ဆက်နွယ်နေတဲ့ တရားမဝင် ငါးဖမ်းလုပ်ငန်းတွေကို ပူးပေါင်းနှိမ်နင်းဖို့ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ ဒီကနေ့ပဲ သဘောတူညီခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အာရှ-အာဖရိက ထိပ်သီးညီလာခံအတွင်း အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha တို့ သီးသန့်တွေ့ဆုံရာမှာ သဘောတူညီမှု ရခဲ့ကြတာပါ။

ခေါင်းဆောင်၂ ဦးတွေ့ဆုံမှုအတွင်း ရင်းရင်းနှီးနှီး ဆွေးနွေးနိုင် ခဲ့ပြီး ပြဿနာကို ဖြေရှင်းရေး ပိုမိုဆောင်ရွက်စရာတွေ ရှိနေတယ် ဆိုတာကိုလည်း လက်ခံခဲ့ကြတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အင်ဒိုနီးရှား ရေပိုင်နက်အတွင်း ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းတွေက တရားမဝင် လုပ်ရပ်တွေ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် အင်ဒိုနီးရှားနိုင်ငံ ဟာ နှစ်စဉ်ခန့်မှန်းချေ ဒေါ်လာသန်းပေါင်း ၂ သောင်းလောက် ဆုံးရှုံးနေတယ် လို့လည်း ခန့်မှန်းထားကြတာပါ။ အင်ဒိုနီးရှားနိုင်ငံက လူသူအရောက် အပေါက်နည်းတဲ့ ကျွန်းတွေက ငါးလုပ်ငန်းတွေမှာ လည်း မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို လုပ်ခလစာမပေးပဲ နှစ်ပေါင်းများစွာ ကျွန်တွေလို ခိုင်းစေတာတွေ ရှိနေတာကိုလည်း မကြာသေးခင်ကပဲ စုံစမ်းစစ်ဆေး တွေ့ရှိထားတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေအရေး ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ IOM ကတော့ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတွေပေါ်မှာ ဥပဒေမဲ့ ငါးဖမ်းလုပ်ငန်းရှင်တွေ စွန့်ပစ်ထားတဲ့ အလုပ်သမား ၄ ထောင်လောက်အထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။

ဥပဒေမဲ့ ခိုင်းစေခံခဲ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်လာခဲ့ပြီး နောက်မှာတော့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအို အစိုးရတွေက သက်ဆိုင်ရာ အလုပ်သမားတွေကို ပြန်လည် ခေါ်ယူနိုင်ဖို့နဲ့ လူမှောင်ခိုသူတွေအဖြစ် သံသယရှိသူတွေကို အရေးယူနိုင်ဖို့ ကြိုးပမ်းမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။