အင်ဒိုနီးရှားဆူနာမီ လူ ၄၀၀ နီးပါး သေဆုံး

ငလျင်ဒဏ်သင့် အင်ဒိုနီးရှားပြည်သူတွေ အသက်အန္တရာယ် စိတ်ချရစေဖို့ အိမ်အပြင်မှာ ထွက်နေကြစဉ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းမှာ သောကြာနေ့က ၇.၅ ပြင်းအားရှိတဲ့ ငလျင် လှုပ်ခတ်ပြီး တဲ့နောက် Paula နဲ့ Donggala မြို့တွေကို ဆူနာမီရေလှိုင်းကြီးတွေဝင် ရိုက်သွာခဲ့တာကြောင့် သေဆုံးသူ ၃၈၄ ဦးထက်မနည်းရှိနေပြီး ဒဏ်ရာရထားသူ ၅၄၀ ကျော်ရှိနေတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူုတွေကပြောပါတယ်။

ပျော်ပွဲရွှင်ပွဲကျင်းပနေတဲ့Palu မြို့ကမ်းခြေမှာ လူတွေရာနဲ့ချီ လာရောက်ဆင်နွှဲနေချိန်မှာပဲ ငလျှင် လှုပ်ပြီး ဆူနာမီရေလှိုင်းတွေ ဝင်ရောက်ခဲ့ရာမှာ လူအတော်များများ လှိုင်းလုံးကြီးတွေနဲ့ ပင်လယ်ထဲ မျောပါသွားပြီးသေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ဆူနာမီရေလှိုင်းတွေရဲ့အရှိန်က တနာရီ ကီလိုမီတာ ၈၀၀ နှုန်းရှိပြီး နေအိမ်အဆောက်အအုံအတော်များများ ပျက်စီးသွားခဲ့ရတယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရယ်ဆိုင်ရာ အေဂျင်စီ ပြောခွင့်ရ Sutopo Purwo Nugroho က ပြောပါတယ်။ လှိုင်းလုံးကြီးတွေ ဝင်ရိုက်လို့ ထောင်နဲ့ချီတဲ့ လူနေအိမ်တွေ၊ ဆေးရုံတွေ၊ ဈေးဝယ် စင်တာကြီးတွေ နဲ့ ဟိုတယ်တွေ ပြိုကျခဲ့ရပြီး Palu မြို့ရဲ့ အဓိက အဝေးပြေးလမ်းမကြီး အစိတ်အပိုင်းအချို့လည်း မြေပြိုတဲ့အထဲပါသွားတယ်လို့ သူကဆက်ပြောပါတယ်။ ဆူလာဝေစီ ကမ်းခြေအနီးက မြစ်တခုပေါ်ဆောက်ထားတဲ့ တံတားကြီးလည်း ကျိုးကျသွားခဲ့တာပါ။ အဲဒီဒေသကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေစေလွှတ်ပြီးလုပ်ကိုင်နေပြီလို့လည်း ပြောခွင့်ရသူက ဆိုပါတယ်။

ရုပ်မြင်သံကြားကပြတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့အိတ်တွေထဲ တချို့ထည့်ထားတဲ့ လူသေ အလောင်း တွေကို လမ်းတွေပေါ်မှာတန်းစီချထားတာကိုတွေ့ရပြီး ဒဏ်ရာရထားသူတွေကိုလည်း အမြန် ဖြစ်သလို ဆောက်ထားတဲ့ ကျန်းမာရေးဌာန အပြင်ဘက်မှာ ကုသပေးနေတာကို တွေ့ရပါတယ်။ ပြိုကျခဲ့တဲ့အဆောက်အအုံ အပိုင်းအစတွေနဲ့ ရိုက်မိတာ ဒါမှမဟုတ် ဆူနာမီရေလှိုင်းနဲ့ မျောပါသွားလို့ လူတွေသေဆုံးခဲ့ရတဲ့အတွက် နေရာပေါင်းစုံကနေ အလောင်းတွေကို လိုက်ကောက်ခဲ့ရတယ် လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှားဆူနာမီ လူ ၄၀၀ နီးပါး သေဆုံး